စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဥ် ဂျပန် သံသယရှိ
2025.03.22

မြန်မာနိုင်ငံမှာ လာမဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပမဲ့အစီအစဥ်နဲ့ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Takeshi Iwaya က ပြောကြားလိုက်ပါတယ်။
မတ် ၂၁ ရက်နေ့က နိုင်ငံခြားရေးဆိုင်ရာ အစည်းအဝေးတစ်ခုမှာ ပြောခဲ့တာဖြစ်ကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းထားသူတွေကို လွှတ်ပေးရေးနဲ့ လက်ရှိအခြေအနေကိုဖြတ်ကျော်ဖို့ တွေ့ဆုံဆွေးနွေးမှုတွေလိုမျိုး နိုင်ငံရေးတိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲကျင်းပမဲ့အပေါ် ဂျပန်အစိုးရက အလေးအနက် စိုးရိမ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရဲ့ နယ်မြေအများစုဟာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ မရှိတော့တဲ့အတွက် ရွေးကောက်ပွဲတွေကို ယုံကြည်လက်ခံနိုင်မဲ့အခြေအနေပေါ် စိုးရိမ်မှု တိုးလာစေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူခဲ့ရာမှာ မြို့နယ်ပေါင်း ၃၃၀ မှာ ၁၄၅ ခုသာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ တစ်ခုတည်းကသာ မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အစီအစဥ်ကို ဆန့်ကျင်တာမဟုတ်ပါဘူး။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan ကလည်း ရွေးကောက်ပွဲဟာ လောလောဆယ် ဦးစားပေးရမဲ့အရာ မဟုတ်ကြောင်း မြန်မာစစ်ကောင်စီကို ပြောကြားခဲ့တယ်လို့ မကြာသေးခင်ကပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကလည်း မြန်မာရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုခဲ့ကြပါတယ်။
ဂျပန်အစိုးရအနေနဲ့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ တောင်ကိုးရီးယားနဲ့ အိန္ဒိယ အပါအဝင် အခြားအစိုးရတွေအနေနဲ့ မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချဖို့နဲ့ မြန်မာကို နည်းပညာတွေ ပံ့ပိုးကူညီတာတွေ မလုပ်ဖို့ တောင်းဆိုကြောင်းလည်း ဖော်ပြပါတယ်။