နိုင်ငံတစ်ဝန်း စစ်ရေးပြင်းထန်ချိန် နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်
2025.03.24

စစ်ကောင်စီတပ်က နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုတွေ လုပ်နေတဲ့တစ်ချိန်တည်းမှာပဲ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပနေပါတယ်။
ဒီဆွေးနွေးပွဲကို မတ် ၂၄ ရက်ကနေ ၂၆ ရက်အထိ သုံးရက်ကြာ ပြုလုပ်မှာဖြစ်ပြီး စစ်ကောင်စီရဲ့ ဆွေးနွေးဖက် တိုင်းရင်းသားလက်နက်ကိုင်တချို့အပြင် နိုင်ငံရေးပါတီတွေ တက်ရောက်ပါတယ်။
နိုင်ငံတွင်းပဋိပက္ခတွေကို အမြန်ဆုံးလျော့ချဖို့နဲ့ စီးပွားရေးကဏ္ဍ တိုးတက်စေမဲ့ ရေတို၊ ရေရှည် လုပ်ငန်းစဥ်တွေ ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်တယ်လို့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။
“ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ဆောင်ရွက်ခြင်းကပဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်ဆိုတာကို လူထုအကြားမှာ အသိအမြင် တိုးပွားလာစေဖို့ ဖြစ်ပါတယ်”
ဒီဆွေးနွေးပွဲ လုပ်နေတဲ့အချိန်မှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေသုံးပြီး အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကိုပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီဆွေးနွေးပွဲဟာ ကမ္ဘာကို လိမ်ညာဖို့ သက်သက်ဖြစ်တယ်လို့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)ရဲ့ ဗဟိုအလုပ်အမှုဆောင် ခူးဒယ်နီယာက ပြောပါတယ်။
“ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲက ကျွန်တော်တို့အတွက် အဓိပ္ပာယ်မရှိဘူး။ တိုင်းသူပြည်သားတွေအတွက်လည်း အဓိပ္ပာယ်မရှိဘူး။ အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါတဲ့သူတွေရယ်၊ ကမ္ဘာက နားထောင်နေတဲ့သူတွေရယ်ကို ပြောချင်တာက သူတို့ (စစ်ကောင်စီက) ဒီလောက်အကြာပြီး လိမ်လာပြီးသားကို ဆက်ယုံနေသေးလား”
ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးကလည်း ဒီဆွေးနွေးပွဲက အပိုအလုပ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
စစ်ကောင်စီ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ ဆွေးနွေးပွဲရလဒ်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။