ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလ တိုက်ပွဲကြောင့် အရပ်သား ၁၈ ဦးသေဆုံး

RFA Burmese
2025.03.27
ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလ တိုက်ပွဲကြောင့် အရပ်သား ၁၈ ဦးသေဆုံး နွားထိုးကြီးမြို့နယ် မလည်ရွာ အပြင်က ထန်းတော ဗုံးကြဲခံရပြီးနောက် မတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
နွားထိုးကြီးဂျာနယ်

နေပြည်တော်မှာ စစ်ကောင်စီ ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က ၂၆ ရက်နေ့အထိ သုံးရက်အတွင်း RFA က ပြုစုထားတဲ့အချက်အလက်တွေအရ တိုင်းနဲ့ပြည်နယ်ခုနစ်ခုမှာ တိုက်ပွဲတွေကြောင့် အရပ်သား ၁၈ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊  မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ဆက်ရှိနေခဲ့တာပါ။

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် မလည်ရွာအပြင်က ထန်းတောကို မတ်လ ၂၅ ရက်နေ့က လေယာဉ်နဲ့ဗုံးကြဲခဲ့လို့ ထန်းတက်သမားမိသားစု သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က ရွာအပြင်မှာနေတာ။ လင်မယားနှစ်ယောက်နဲ့ အသက် ၁၃ နှစ်အရွယ်သမီး သေသွားတာပေါ့။ အခုတလော လေကြောင်းတိုက်ခိုက်မှု နေ့တိုင်းကို လုပ်နေတာ”

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာကိုလည်း မတ်လ ၂၅ ရက်မှာ စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အရပ်သားငါးဦးသေဆုံးပြီး ကလေးငါးဦး အပါအဝင် ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မတ်လ ၂၇ ရက်မှာ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

RFA ကပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းချိန်ကနေ ၂၀၂၅ မတ်လ ၂၆ရက်အထိ လေကြောင်းနဲ့ လက်နက်ကြီး  ပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၂၄၃ ဦး သေဆုံးခဲ့ပြီး ၆၄၃၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။