မြေငလျင်ကြောင့် သေဆုံးထိခိုက်သူ ၈၀ ဝန်းကျင်ရှိလာ
2025.03.28

မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ဒေသခြောက်ခုထပ်မနည်းမှာ ထိခိုက်သေဆုံးမှုတွေများပြားခဲ့ပါတယ်။
မတ်လ၂၈ ရက် နေ့လယ်တစ်နာရီဝန်းကျင်မှာ လှုပ်ခတ်ခဲ့တဲ့ဒီငလျင်ဟာ ပြင်းအား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒေသကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အတည်ပြုချက်တွေကို အခြေခံပြီး RFA က မတ်လ ၂၈ ရက် ညနေ ၇ နာရီ အထိရရှိထားတဲ့အချက်အလက်တွေအရ ပဲခူးတိုင်း တောင်ငူ၊ ဖြူး၊ မန္တလေးတိုင်း ရမည်းသင်း၊ ပျော်ဘွယ်၊ ရှမ်းပြည်နယ် အောင်ပန်း၊ နန်းပန်၊ နေပြည်တော် တို့မှာ သေဆုံးသူ ၈၀ ဝန်းကျင်ရှိပါတယ်။
ပဲခူးတိုင်း တောင်ငူမြို့မှာ ကလေးငါးဦးအပါအဝင် ၁၀ ဦးသေဆုံးပြီး ၃၀ ဝန်းကျင်ဒဏ်ရာရခဲ့ပါတယ်။ ဒီအပြင်ဖြူးမြို့မှာလေးဦးသေဆုံးခဲ့ပါတယ်။
မန္တလေးတိုင်း ရမည်းသင်းမြို့မှာတော့ အရပ်သား ၁၃ ဦးနဲ့ ပျော်ဘွယ်မှာ ခြောက်ဦးသေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
ရှမ်းပြည်နယ် အောင်ပန်းမြို့မှာတော့ နှစ်ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ယောက်က RFA ကိုအတည်ပြုပါတယ်။ ဒီအပြင် ညောင်ရွှေမြို့နယ် နန်းပန်မြို့မှာ သေဆုံးသူ ၃၇ ဦးအထိရှိလာတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ ဒေသခံတွေက အတည်ပြုပါတယ်။
ဒီအပြင် နေပြည်တော်မှာလည်း ထိခိုက်ပျက်စီးမှုများခဲ့ပြီး နေပြည်တော်လေဆိပ် လေကြောင်းထိန်းသိမ်းရေးတာဝါပြိုကျခဲ့ပြီး ခြောက်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သေဆုံးသူတွေရဲ့မိတ်ဆွေတစ်ဦးက RFA အတည်ပြုပါတယ်။
မန္တလေးမြို့မှာလည်း သေဆုံးထိခိုက်သူတွေများတယ်လို့ပြောပေမဲ့ အခြေအနေအသေးစိတ်ကို သိရဖို့ RFAက ဆက်လက်စုံစမ်းနေပါတယ်။
မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို RFA က ဆက်လက်တင်ပြသွားပါမယ်။