အိုးဘိုထောင်မှာ ငလျင်ကြောင့် ထိခိုက်၊ သေဆုံးသူ ၃၀၀ ကျော်ရှိ

RFA Burmese
2025.04.20
အိုးဘိုထောင်မှာ ငလျင်ကြောင့် ထိခိုက်၊ သေဆုံးသူ ၃၀၀ ကျော်ရှိ မန္တလေး အိုးဘိုအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော အကျဉ်းသားများအား ၂၀၂၃ ခုနှစ် မေလ ၃ ရက်တွင်တွေ့ရစဉ်။
MOI

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ငလျင်ကြောင့် အကျဉ်းသား ၃၀ ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူ ၂၈၀ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း(၇)ဖွဲ့က ဧပြီလ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲ နိုင်ငံရေးအကျဉ်းသားဆယ်ဦး၊ နိုင်ငံရေးအကျဉ်းသူ ဆယ်ဦး နဲ့ အခြားအကျဉ်းသား ၁၀ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ် ဒဏ်ရာရသူ ၂၈၀ ကျော် ရှိပြီး ဒီအရေအတွက်ဟာ စနစ်တကျပြုစုထားနိုင်တဲ့ အရေအတွက်ဖြစ်သလို နောက်ထပ်လည်း တိုးလာနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တည်ထောင်သူ ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။

“မျက်မြင်တွေ့ရှိမှု အရေအတွက်နဲ့ အတည်ပြုထားနိုင်ပြီးသား အချက်အလက်တွေအပေါ်မှာ အခြေတည်ပြီးတော့ ပြောတာဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့လည်း မြန်မာငလျင်ကို အာရုံစိုက်နေတဲ့နည်းတူ အကျဉ်းထောင်တွေကိုလည်း ချန်မထားဖို့အဓိက ရည်ရွယ်ပါတယ်”

အိုးဘိုအကျဉ်းထောင်ဟာ ငလျင်ကြောင့် ဆိုးဆိုးဝါးဝါးထိခိုက်ပျက်စီးခဲ့ပေမဲ့ အခုချိန်အထိ ပြည်တွင်း ပြည်ပက လူသားချင်းစာနာမှု အကူအညီတွေမရရှိဘဲ စစ်ကောင်စီကလည်း သတင်းအမှောင်ချထား တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိုးဘိုထောင်က အကျဉ်းသားတွေဟာ ငလျင်ကြောင့် ထိခိုက်ပျက်စီးနေတဲ့ အဆောက်အအုံတွေ အတွင်း အတင်းအကျပ် နေရာချထားခြင်းခံထားရပြီး နောက်ဆက်တွဲ ငလျင်တွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဆက်လက်ကြုံတွေ့ရနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း (၁) ရက်နေ့က နိုင်ငံတစ်ဝန်းရှိ အကျည်းထောင်တွေကနေ အကျဉ်းသား ၄၈၉၃ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

အဲ့ဒီထဲ မှာ နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦးပြန်လွတ်လာပြီး အိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦးလည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။