ကုလအထူးကိုယ်စားလှယ်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
2025.04.09

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဧပြီလ ၉ ရက် မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
လျင်ဘေးသင့် ပြည်သူတွေကို ကူညီရေးအတွက် ပူးပေါင်းဆောင်ရွက်မဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဆွေးနွေးမှု အသေးစိတ်ကိုတော့ မဖော်ပြပါဘူး။
ကုလအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံခရီးစဉ်မှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေး မှုတွေလုပ်မှာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ဧပြီလ ၃ ရက်မှာ ပြောဆိုထားပါတယ်။
လက်ရှိ စိတ်မချမ်းမြေ့စရာအခိုက်အတန့်ကနေ မြန်မာပြည်သူတွေအတွက် အခွင့်အလမ်း တစ်ခုဖြစ်ပေါ်လာရေး အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ နဲ့ ဒီမိုကရေစီကိုသွားမဲ့ လမ်းကြောင်းတစ်ခုပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုထားပါတယ်။
အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကလည်း မြန်မာ့အကျပ်အတည်းကို နိုင်ငံတကာက အာရုံစိုက်ဖို့လို၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေး သက်ဆိုင်ရာအဖွဲ့ အစည်းတွေဘက်က လမ်းတွေဖွင့်ပေးဖို့နဲ့ အကူအညီပေးနေသူတွေကို ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ပေးဖို့ ဧပြီလ ၁ ရက်က ပြောဆိုခဲ့ပါတယ်။