မင်းကင်းမြို့နယ် ဇင်ကလဲရွာ ဗုံးကြဲခံရပြီး ဒေသခံနှစ်ဦးသေဆုံး၊ ဆယ်ဦးဒဏ်ရာရ
2025.04.12

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဇင်ကလဲရွာဟာ ဧပြီလ ၁၁ ရက် ညနေ ၇ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ နောက်ထပ်ဆယ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၂၈ နှစ်အရွယ် မနန်းချောနဲ့ အသက် ၃၁ နှစ်အရွယ် မအေးနွယ်ဌေးတို့ဖြစ်တယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။
“ဇင်ကလဲရွာမှာ တိုက်ပွဲဖြစ်တာမရှိဘူးဗျ။ မန္တလေးတိုင်း တံတားဦးလေတပ်စခန်းကနေ ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၃၀၀ ဗုံးလာကြဲသွားတာ"
ဒဏ်ရာရသူတွေကိုတော့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ဆေးတပ်ဖွဲ့က ဆေးကုသမှုတွေ ပေးနေတယ်လို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကတော့ ဒီတိုက်ခိုက်မှုကို သူ့အနေနဲ့ မသိသေးဘူးလို့ ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရသူ Ravina Shamdasani ကတော့ ကြေကွဲ ဖွယ်ငလျင်အပြီးမှာ အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီက ကြေညာထားပေမဲ့ စစ်ဆင်ရေးတွေ ဆက်လုပ်နေတာကြောင့် အရပ်သားတွေ ထိခိုက်ခံစားနေကြရဆဲ ဖြစ်တယ်လို့ ဧပြီလ ၁၁ ရက်မှာ ပြောပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဘေးသင့်ဒေသတွေကို ရောက်ရှိရေး တစ်ခုတည်းကို အာရုံစိုက်သင့်တဲ့အချိန်မှာ စစ်တပ်က တိုက်ခိုက်မှုတွေ လုပ်ဆောင်နေ ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ငလျင်လှုပ်ခတ်ပြီးကတည်းက စစ်ကောင်စီက တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၂၀ ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပြီး ထက်ဝက်ကျော်က ဧပြီ ၂ ရက် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးမှ တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။