စစ်ကိုင်းနဲ့ ချင်းမှာ ဗုံးကြဲခံရမှုကြောင့် တစ်ရက်တည်း သေဆုံး၊ ဒဏ်ရာရသူ ၇၀ ကျော်ရှိ

RFA Burmese
2025.04.10
စစ်ကိုင်းနဲ့ ချင်းမှာ ဗုံးကြဲခံရမှုကြောင့် တစ်ရက်တည်း သေဆုံး၊ ဒဏ်ရာရသူ ၇၀ ကျော်ရှိ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာ၌ ၂၀၂၅ခုနှစ်၊ ဧပြီ ၉ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခံပြီးနောက် အပျက်အစီးများအား တွေ့ရစဉ်။
Kawlin info

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်နဲ့ ချင်းပြည်နယ် မင်းတပ်၊ တီးတိန်မြို့နယ်တွေကို ဧပြီလ ၉ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ၃၈ဦး သေဆုံးပြီး ၃၃ဦး ဒဏ်ရာရခဲ့ပါတယ်။

ဝန်းသိုမြို့နယ် နမ်းခမ်းရွာကို ဧပြီ ၉ ရက် ညနေပိုင်းမှာ လေကြောင်းနဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦးနဲ့ ဒဏ်ရာရသူ ၂၃ ဦးရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 “ဘယ်သူက လှမ်းတိုင်လို့ တိုင်မှန်းတော့ မပြောတတ်ဘူး။ တိုင်လို့တော့ ဗုံးကြဲတာပေါ့။ သူတို့က ပကဖ ဂိတ်ကို ကြဲတာ၊ ဒါပေမဲ့ ပကဖ ဂိတ်က ရွာလမ်းဆုံမှာလိုဖြစ်နေတော့ အဲ့လို ပြည်သူလူထုတွေပါ အကုန်ထိကုန်တာပေါ့”

ချင်းပြည်နယ် မင်းတပ်မြို့နယ် အမှတ်(၄) တိုက်နယ်ကိုလည်း ဧပြီ ၉ ရက် ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း လသားအရွယ်ကလေးငယ် အပါအဝင် အရပ်သားခြောက်ဦး သေဆုံးပြီး နောက်ထပ် ကိုးဦးဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဆလိုင်းယောမာန်က RFA ကို ပြောပါတယ်။

“မနေ့ညက ၈ နာရီ ၄၇ မိနစ် နဲ့ ၈ နာရီ ၅၇ မိနစ် ဆယ်မိနစ်ခြားပြီး ဗုံးနှစ်ကြိမ် တိုက်ခိုက်တာပေါ့။ ဖွီရွာက သေဆုံးတဲ့သူ ခြောက်ဦးရှိပါတယ်။ ပြည်သူတွေပေါ့နော်၊ ခရစ်ယာန် ဓမ္မဆရာတော်တစ်ဦး၊ ရှစ်လသားကလေးတစ်ဦး၊ ခုနစ်နှစ်သားတစ်ဦး၊ မသန်စွမ်းတစ်ဦး၊ သက်ကြီးရွယ်အို နှစ်ဦးပေါ့။ ပြည်သူတွေထဲမှာလည်း ဆိုးဆိုးရွာရွား ဒဏ်ရာရတဲ့သူရှိတယ်။ နို့တိုက်မိခင်တစ်ယောက်ဆိုလည်း လက်နှစ်ဖက်လုံး ကျိုးသွားတယ်၊ ပြတ်သွားတယ်။ ပြီးတော့ တခြားကလေးသူငယ်တွေလည်း ဒဏ်ရာရတာရှိတယ်။ ဒဏ်ရာရတာ သက်ကြီးရွယ်အိုတွေလည်းရှိတယ်။ ကိုးဦးလောက်ဒဏ်ရာရကြတယ်။ ပြည်သူတွေနေအိမ်တွေကတော့ ဘုရားကျောင်းအပါအဝင် နေအိမ် ဆယ်အိမ်ကျော်ကျော်လောက် အများကြီးပျက်စီးသွားတယ်”

ဒါ့အပြင် တီးတိန်မြို့နယ် ဆိုင်းဇန်ရွာလည်း ဧပြီ ၉ ရက် ည ၁၂ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက် ခံလိုက်ရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် မိသားစုတစ်ခုတည်းက ကလေးငယ်လေးဦး အပါအဝင် လူခြောက်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

သေဆုံးသူတွေဟာ အသက်ငါးနှစ်အရွယ် ထန်ဆွန်ဒိတ်ရှန်၊ အသက် ၁၀ နှစ်အရွယ် လျန်စိန်းရှန်နွမ် ၊ အသက် ၁၄ နှစ်အရွယ် ထန်ကိမ်းဒိတ်ပြန် ၊ အသက် ၁၇ နှစ်အရွယ် ထန်ခမ်းမှုန်ဗန်း ၊ အသက် ၄၀ အရွယ် ဒေါ်ကျိန်ရှဲင်းဒွန် နဲ့ အသက် ၄၃ နှစ်အရွယ် ဦးပေါင်ရှန်ခမ်းတို့ ဖြစ်ပါတယ်။

တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာက ဗုံးကြံခံရသည့်နေရာအား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Chin Revolution News)
တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာက ဗုံးကြံခံရသည့်နေရာအား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Chin Revolution News)

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ ဘင်းမ်စတက်ခေါ်  ဘင်္ဂလားပင်လယ်အော် စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို မလာခင် တစ်ရက်အလို ဧပြီလ ၂ ရက်မှာ ငလျင်ဘေးကူညီကယ်ဆယ်ရေးကို အာရုံစိုက်လုပ်ဆောင်မယ်ဆိုပြီး စစ်ကောင်စီတပ်က ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးဟာ ဧပြီလ ၂၂ ရက်အထိ အချိန်သုံးပတ် ကြာပါတယ်။

ဒါပေမဲ့ ဒီကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။


ဆက်နွှယ်သော သတင်းများ

ငလျင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှု ဆက်လုပ်နေကြောင်း ဦးကျော်မိုးထွန်းပြော

ဖလမ်းနဲ့ အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

စစ်ကောင်စီက နိုင်ငံတစ်ဝန်း ယာယီအပစ်အခတ်ရပ်ကြောင်း ကြေညာ


အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲရေးကို ဟန်ပြလုပ်ခဲ့တာလို့ ဝေဖန်ပါတယ်။

“ဒီစစ်တပ်က သူဘင်းမ်စတက် အစည်းအဝေးမသွားခင် မျက်နှာပန်းလှချင်လို့ ၊ မျက်နှာကောင်းရချင်လို့ အပစ်အခတ်ရပ်စဲရေးဆိုတာကို ဟန်ပြထုတ်သွားတဲ့ သဘောရှိပါတယ်။ တကယ်တမ်းကျတော့ မြေပြင်မှာ လေကြောင်း တိုက်ခိုက်မှုတွေရော နောက်ပြီးတော့ စစ်ကြောင်းရွှေ့ပြောင်းတာတွေ စစ်ကြောင်းထိုးတာတွေရော ဘာတစ်ခုမှ ရပ်တန့်တာမရှိဘူး။ ပိုပြီးတော့တောင် တိုးလာတဲ့အခြေအနေ၊ နောက်တစ်ခုကတော့ စစ်ပွဲဖြစ်နေတဲ့ နေရာတွေ၊ စစ်ရေးပစ်မှတ်တွေ မဟုတ်ဘဲနဲ့ ပြည်သူတွေကို ဦးတည်ပြီးတော့ ပြည်သူတွေရှိတဲ့နေရာ ဒီလိုနေရာတွေကို တမင်သက်သက် ရည်ရွယ်ချက်ရှိရှိကို တိုက်ခိုက်ပြီးတော့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်ဗျ"

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ထောက်ပံ့ကူညီတာမျိုး ထပ်မလုပ်မိဖို့ လိုအပ်တယ်လို့လည်း သူက တိုက်တွန်းပါတယ်။

အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နောက်ပိုင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှု ၉၂ ကြိမ်ပြုလုပ်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇၂ ဦး သေဆုံးခဲ့တယ်လို့ NUG က ဧပြီလ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကတော့ အပစ်အခတ်ရပ်စဲရေးဆက်လုပ်ဖို့၊ ပဋိပက္ခတွေနဲ့ အရပ်သားတွေကို သတ်ဖြတ်နေတာတွေရပ်ဖို့ ဧပြီလ ၁၀ ရက်မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။