တီးတိန်မြို့နယ်မှာ စစ်ကောင်စီဗုံးကြောင့် မိသားစုဝင်ခြောက်ဦး ပွဲချင်းပြီးသေဆုံး

RFA Burmese
2025.04.10
တီးတိန်မြို့နယ်မှာ စစ်ကောင်စီဗုံးကြောင့် မိသားစုဝင်ခြောက်ဦး ပွဲချင်းပြီးသေဆုံး တီးတိန်မြို့နယ်၊ ဆိုင်ဇန်ကျေးရွာက ဗုံးကြံခံရသည့်နေရာအား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Facebook/Chin Revolution News

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆိုင်ဇန်ကျေးရွာမှာ ဧပြီ ၉ ရက် ည ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိသားစုတစ်ခုတည်းက ခြောက်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

တိုက်ပွဲတစ်စုံတစ်ရာဖြစ်တာမရှိဘဲ လေယာဉ်နဲ့ဗုံးကြဲချခဲ့တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ တီးတိန်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"တိုက်ပွဲတော့ မရှိဘူး၊ မနေ့ည ၁၂ နာရီခန့်မှာ လေကြောင်းနဲ့ ပေါင်ငါးရာဗုံးတစ်လုံးကို ဆိုင်ဇန်ရွာထဲက လူနေအိမ်ကို ကြဲတာ။ ကျသွားတဲ့ အိမ်က တစ်မိသားစုထဲမှာ ခြောက်ယောက်ပွဲချင်းပြီးသေတာ။ တစ်ဦး ကတော့ ဒဏ်ရာအပြင်းအထန်ရတယ်။ သူ့ကို ဆေးရုံတစ်ခုကိုပို့ထားတယ်"

သေဆုံးသူတွေဟာ အသက် ၄၃ နှစ်နဲ့ ၄၀ အရွယ် ဇနီးမောင်နှံ၊ အသက် ၁၇၊ ၁၄ နဲ့ ၅ နှစ်အရွယ် သားသုံးဦး၊ အသက် ၁၀ နှစ်အရွယ် သမီးတစ်ဦး၊ စုစုပေါင်း ခြောက်ဦးဖြစ်ပါတယ်။ နောက်ထပ် အသက် ၁၀ နှစ်အရွယ် သားတစ်ဦးကတော့ အသက်မသေဘဲ ဒဏ်ရာနဲ့ကျန်ခဲ့တာပါ။

ဆိုင်ဇန်ကျေးရွာဟာ တီးတိန်မြို့ နဲ့ ခုနှစ်မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။

ဒီဖြစ်ရပ်ကြောင့် ကျေးရွာသားတွေဟာ စိုးရိမ်ကြောက်လန့်ပြီး တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဗုံးကြဲခံရပြီး အရပ်သားတွေ သေဆုံးခဲ့ရတာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချို ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

နိုင်ငံတစ်ဝန်းမှာ ငလျင်ဘေးကာလအတွင်း စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့အရပ်သား ၇၂ ဦးအထိရှိနေတယ်လို့ အမျိုးသားညီညွှတ်‌ရေးအစိုးရ(NUG)က ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။