ဖလမ်းနဲ့ အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

RFA Burmese
2025.04.08
ဖလမ်းနဲ့ အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက် စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သိမ်းဆည်းရမိသည့် စစ်လက်နက်များကို ၂၀၂၅ ဧပြီလ ၈ ရက်နေ့ကတွေ့ရစဉ်။
Citizen Photo

ချင်းပြည်နယ်မှာ အရေးပါတဲ့ ဖလမ်းမြို့နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက အင်းတော်မြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီလ ၇ ရက်နေ့က အပြီးသိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ဖလမ်းမြို့ကို ချင်းညီနောင်တပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာပါ။ အဲဒီနောက် အချိန်ငါးလကျော်အကြာ ၂၀၂၅ ဧပြီလ ၇ ရက်နေ့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့မြို့စောင့်တပ်ဖြစ်တဲ့ ခလရ - ၂၆၈ တပ်စခန်းကုန်းကို အပြီးသိမ်းပိုက်ပြီး မြို့ကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့တာလို့ဆိုပါတယ်။

လက်ရှိမှာ နယ်မြေရှင်းလင်းရေးလုပ်‌ ဆောင်နေတာကြောင့် မကြာခင်မှာ အသေးစိတ်သတင်းထုတ်ပြန်မယ်လို့ ချင်းညီနောင်အဖွဲ့ရဲ့ တာ၀န်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့က မနက်ဖြန်၊ သဘက်ခါလောက်မှ အသေးစိတ်ထုတ်ပြန်ဖို့လုပ်ထားပါတယ်။ အခုက ရှင်းလင်းရေးတွေ ဆက်လုပ်နေတုန်းပါ"

ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိပါဘူး။

ဖလမ်းမြို့မှာ လူတစ်သောင်းကျော်နေထိုင်ပြီး မြို့ခံတွေအားလုံးဟာ တိုက်ပွဲ စတင်ချိန်ကတည်းက ဘေးလွတ်ရာဒေသတွေအပြင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ချင်းပြည်နယ်မှာ မြို့နယ်ကိုးခုရှိတဲ့အနက် တွန်းဇံ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ ဖလမ်း စတဲ့ မြို့နယ်ခြောက်ခုကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်တဲ့ တီးတိန်၊ ဟားခါးနဲ့ ထန်တလန် မြို့နယ်တွေကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ် တွေက ဧပြီလ ၇ ရက်နေ့ ညက အပြီးသိမ်းပိုက်လိုက်တယ်လို့ PDF စစ်ရေးသတင်းရင်းမြစ်တွေက RFA ကိုပြောပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား သုံ့ပန်း လေးဆယ်လောက်လည်း ဖမ်းမိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နယ်မြေခံ PDF စစ်ရေးသတင်းရင်းမြစ်တစ်ဦးက RFA ကိုပြောပါတယ်။

“မြို့သိမ်းတိုက်ပွဲဖြစ်နေတာကတော့ ၂၀၂၄ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းကပေါ့နော်။ အခု ၂၀၂၅ ဧပြီလ ၇ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တာပေါ့။ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေကတော့ ရှိတာပေါ့လေနော။ စစ်ကောင်စီရဲ့ သုံ့ပန်း ၄၀ လောက်လည်း ဖမ်းမိပါတယ်”

တိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ လက်နက်ကြီးနှစ်လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သူကပြောပါတယ်။

အင်းတော်မြို့က အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

အင်းတော်မြို့ဟာ မန္တလေး-မြစ်ကြီးနား ကားလမ်းမပေါ်မှာ ရှိပြီး ကချင်ပြည်နယ်ရဲ့ ဝင်ပေါက်မြို့လည်းဖြစ်တာ ကြောင့် စစ်ရေးအရ အရေးပါတယ်လို့လည်းဆိုပါတယ်။

BNI - Myanmar Peace Monitor ရဲ့ ၂၀၂၅ ဖေဖော်ဝါရီလ ဒုတိယပတ်က နောက်ဆုံးထုတ်ပြန်ချက်တွေအရ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၉၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။