အင်းတော်မှာ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်နေ
2025.01.28
Updated 4:45 PM, Jan 28,2025
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာကျန်နေတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီနေ့အထိ စစ်ကောင်စီ စခန်းငယ်တချို့ကို သိမ်းထားနိုင်ပြီလို့ ဒေသကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့မနက် ငါးနာရီလောက်ကတည်းက စဖြစ်နေတာပေါ့။ ဒီနေ့အချိန်ထိလည်း တိုက်ပွဲတွေက ပြင်းထန်ဆဲပေါ့။ မနေ့မနက်တုန်းကဆိုရင် တိုက်ပွဲဖြစ်တဲ့ မနက်ပိုင်းပေါ့။ ကိုးနာရီခွဲလောက်ဖြစ်မယ်။ အဲဒီအချိန်ကို Y12 တွေနဲ့ရော ဂျက်ဖိုက်တာတွေနဲ့ရော မြို့ထဲကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေတာရှိတယ်။ နောက်ပြီး ညပိုင်းပေါ့။ ညခုနစ်နာရီကျော်ကိုလည်း Y12 နဲ့ပဲ အလုံး သုံးဆယ်လောက် ဗုံးကြဲချတာတွေ ရှိတယ်။ စစ်တပ်ကုန်းကိုတော့ ထိုးစစ်ဆင်နေတုန်းပဲ။ သူတို့ရဲ့ ပင်မ စစ်တပ်ကုန်းကြီးကတော့ မရသေးဘူး။ ဒါပေမဲ့ စစ်တပ်ကုန်းရဲ့ အခြေနားမှာရှိတဲ့ စစ်ခန်းငယ်လေးတွေ ကင်းစခန်းလေးတွေပေါ့။ အဲဒါတွေတော့ ရထားတာ ရှိတယ်”
အင်းတော်မြို့ပေါ်မှာ စစ်တပ်ကုန်းနဲ့ မြို့မဘုန်းကြီးကျောင်းနေရာသာ သိမ်းပိုက်ဖို့ ကျန်တော့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ အပြင်းအထန် ပြန်လည်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
“ဘေးလွတ်ရာ ထွက်ပြေးနေရပေမဲ့လည်း လေကြောင်းရန်ကို နေ့စဥ် စိုးရိမ်နေရပါတယ်”
၂ဝ၂၄ ခုနှစ်၊ သြဂုတ်ကတည်းက နဘားလမ်းဆုံနဲ့ နန့်သာရွာက စစ်ကောင်စီ တပ်စခန်းနှစ်ခု အပါအဝင် မြို့ရဲ့နေရာအများစုကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲစဖြစ်ခဲ့တဲ့ ၂ဝ၂၄ ခုနှစ်၊ သြဂုတ်ကနေ ဒီနေ့အထိ အင်းတော်မြို့ခံ နှစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဘေးလွတ်ရာ ထွက်ပြေးနေရပေမဲ့လည်း လေကြောင်းရန်ကို နေ့စဥ် စိုးရိမ်နေရတယ်လို့ အင်းတော် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုဆို လေယာဥ်တွေက ဆက်တိုက်လာနေတာ။ လာနေတဲ့အတွက် ထမင်းချက်စားရအောင်တောင် မနည်းပေါ့နော်။ မီးခိုးထွက်ရင်တောင်မှ ကိုယ့်နားများ လာကျမလားဆိုပြီး ပြည်သူတွေအများကြီးက စိုးရိမ်နေတာလေ။ မီးခိုးထွက်လာရင်တောင် ကိုယ့်အိမ်များလား ဆိုတဲ့စိတ်နဲ့ပဲ ရှင်သန်ရတာပေါ့။ အသက်ကြီးတဲ့လူတွေဆိုရင် သူတို့မှာက စိတ်ဒဏ်ရာတွေပါ ဖြစ်သွားတယ်။ သူတို့ အရမ်းရှာထားခဲ့ရတဲ့ အိမ်တွေပေါ့နော်။ မြေယာပေါ့။ သူတို့ ပိုင်ဆိုင်မှုပစ္စည်းတွေ ဆုံးရှုံးရပြီမှန်း သိတဲ့အခါ တချို့ဆို အဲဒီလိုမျိုးတွေ အားလျော့သွားတာမျိုးပေါ့။ ကျန်းမာရေးတောင် ဖောက်လာတဲ့ အနေထားမျိုးတောင် ရှိလာတာပေါ့”
ပြီးခဲ့တဲ့နှစ် တိုက်ပွဲစဖြစ်တဲ့ သြဂုတ်လအတွင်း ဒေသခံငါးဦးထက်မနည်း သေဆုံးခဲ့သလို စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် မြို့ပေါ်က နေအိမ်အများစု မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အင်းတော်မြို့ဟာ ကချင်နဲ့မန္တလေး ဆက်သွယ်တဲ့ လမ်းကြောင်းပေါ်မှာ ရှိတာကြောင့် စစ်ရေးအရ အရေးပါတယ်လို့ စစ်ရေးနဲ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။
“အင်းတော်ဆိုတာ မန္တလေး-မြစ်ကြီးနား ကားလမ်း၊ ရထားလမ်းပေါ်က မြို့လေ။ အဲဒီတော့ အောက်ကို မန္တလေးဘက်ကို ဆင်းချင်တယ်ဆိုရင် အဲဒီကရှိတဲ့ မြို့တွေထဲမှာ အင်းတော်က အကြီးဆုံးပေါ့။ KIA ရဲ့ K သုံးလုံး စစ်ဆင်ရေးပေါ့။ ကသာ၊ ကောလင်း၊ ကန့်ဘလူ စီမံကိန်းကို ဆက်ပြီး အကောင်အထည် ဖော်မယ်ဆိုရင် အင်းတော်က အရင် သိမ်းရမဲ့နေရာပါ။ အင်းတော်သိမ်းပြီးမှ ကောလင်း၊ ကန့်ဘလူဘက်ကို ဆင်းရမဲ့အနေထားပါ”
လက်ရှိ အင်းတော်မြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ခက်ခဲနေတာကြောင့် တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း အင်းတော်မြို့မှာ တိုက်ပွဲဖြစ်နေတယ် ဆိုတာသာသိရပြီး အသေးစိတ်ကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
“စစ်ကိုင်းအစပ်ဘက်မှာ တိုက်ပွဲဖြစ်တယ်လို့ ကြားပါဝယ်။ ဒါပေမဲ့ အဲဒီအခြေအနေကိုတော့ ကျွန်တော်ကတော့ ဘာမှ အဆက်သွယ်မရဘူး ဖြစ်နေတာ”
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဆက်နွှယ်သောသတင်းများ
အင်းတော် စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေသိမ်း
အင်းတော်မှာ တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သောင်းခန့် မြို့ကိုစွန့်ခွာ
အင်းတော်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၉ ဦးအထိရှိလာ
KIA ဟာ လက်ရှိ ကချင်ပြည်နယ် ဗန်းမော်မြို့ကို သိမ်းယူနိုင်ဖို့ ပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေပါတယ်။ စစ်ကိုင်းနဲ့ ကချင်အစပ်က မော်လူးမြို့ကိုတော့ ၁ဝ၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်း KIA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားပါတယ်။
နိုင်ငံတကာ မြန်မာ့သတင်းဌာန (BNI – Myanmar Peace Monitor) ရဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ မြို့ ၉၅ မြို့ရှိပြီး အဲဒီထဲမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ၁၆ မြို့ကို ထိန်းချုပ်ထားပါတယ်။
(မှတ်ချက် - ဤသတင်းတွင် ဒေသကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူ၊ အင်းတော်ဒေသခံ၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူတို့၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)