မုံရွာခရိုင်မှာ အရပ်သားတွေ ဗုံးကြဲခံရပြီးနောက် စစ်တပ်စခန်းကုန်းကို PDF စီးနင်းသိမ်းပိုက်

RFA Burmese
2025.02.27
မုံရွာခရိုင်မှာ အရပ်သားတွေ ဗုံးကြဲခံရပြီးနောက် စစ်တပ်စခန်းကုန်းကို PDF စီးနင်းသိမ်းပိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်။
Telegram/MDY-PDF Photo

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းကုန်းတစ်ခု သိမ်းပိုက်ခံရတဲ့အထိ စစ်ရေးပြင်းထန်နေသလို အဲဒီဒေသနဲ့ နယ်မြေတဆက်တည်းဖြစ်တဲ့ ချောင်းဦးမြို့နယ်မှာလည်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ပြင်းထန်လာတဲ့ စစ်ရေးအခြေအနေတွေကြောင့် မုံရွာမြို့နယ်က ဒေသခံ ငါးထောင်နဲ့ ချောင်းဦးမြို့နယ်က ဒေသခံ တစ်ထောင် စုစုပေါင်း ဒေသခံ ခြောက်ထောင်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

"၇ နာရီကျော် ၈ နာရီလောက်ကျတော့ မီးရှို့ပြီး စခန်းသိမ်းနိုင်ခဲ့တယ်ပေါ့"

မုံရွာမြို့နယ် ခတက္ကန်ရွာအနီးက စစ်ကောင်စီရဲ့ ဗောဓိတစ်ထောင်တပ်စခန်း (MRTV အသံလွှင့်တာဝါတိုင်ကုန်း) ကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ မနေ့က သိမ်းပိုက်ခဲ့တာပါ။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၁ ဦး သေဆုံးပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်တဲ့ မုံရွာခရိုင် အမှတ် (၄) တပ်ရင်း Chindwin Attack Force ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့ကတော့ မနက်အစောပိုင်းပေါ့ ၄ နာရီ ပတ်ဝန်းကျင်လောက်ကစပြီး တိုက်ပွဲဖြစ်တယ်။ ၇ နာရီကျော် ၈ နာရီလောက်ကျတော့ မီးရှို့ပြီး စခန်းသိမ်းနိုင်ခဲ့တယ်ပေါ့။ ဗောဓိတစ်ထောင် တောင်ကြောပေါ်ကို ထွက်ပြေးသွားတာတွေ ရှိတယ်ဗျ။ လိုက်တော့ ပစ်တယ်ဗျာ။ ဒဏ်ရာတွေနဲ့ ထွက်ပြေးကြတာမျိုးပေါ့။ ကျွန်တော်တို့ ရှင်းလင်းရေးလုပ်တဲ့အခါမှာ ၁၁ လောင်း ရပါတယ်ခင်ဗျ။ လက်နက်ကြီး ပစ်ကူ ၁၀၅ တွေ၊ ၁၂၂ ပေါ့နော်။ အချက်ရေပေါင်း ၂၀ လောက်ထိ သူတို့ ပစ်ခတ်ခဲ့တယ်။ Mi 35 နှစ်ကြိမ်လာပြီး ပစ်တယ်ပေါ့"

တိုက်ပွဲအတွင်း ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က လေးဦး ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သူက ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

ချောင်းဦးမှာ စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ၁၁ ဦး အထိရှိလာ

စစ်ကိုင်းမှာ လေကြောင်းကြောင့် တစ်ရက်သုံးဦးနှုန်း သေဆုံး

စစ်ကိုင်းတိုင်းမှာ ဗုံးကြဲခံရမှုကြောင့် တစ်ညတည်း လူ ဆယ်ဦးခန့်သေ၊ နှစ်ဆယ်ကျော် ဒဏ်ရာရ


ကာကွယ်ရေး ပူးပေါင်းတပ်တွေ စခန်းသိမ်းအပြီး စစ်ကောင်စီတပ်ရဲ့ တန်ပြန်ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တစ်လုံး မုံရွာမြို့ပေါ်က ချမ်းမြဝတီရပ်ကွက်ထဲ ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုတော့ မရှိခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

အခု စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မုံရွာခရိုင်က ကွပ်ကဲပြီး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် (၁) စစ်ဒေသက ဖေဖော်ဝါရီလ ၂၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက စခန်းသိမ်းနိုင်ခဲ့ပေမဲ့ လက်နက်တွေကို သိမ်းဆည်းဆုတ်ခွာခဲ့တာသာဖြစ်ပြီး စခန်းကို ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက် ဒီနေ့မနက်မှာတော့ စစ်ကောင်စီတပ်က ဗောဓိတစ်ထောင်တပ်စခန်းကို ပြန်လည်ပြင်ဆင်ဖို့အတွက် အရပ်သား ဆယ်ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

ဒါ့အပြင် ဗောဓိတစ်ထောင် တပ်စခန်းကနေ ဒီမနက် ၄ နာရီခန့်မှာ ကား ၇ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ မုံရွာ- မန္တလေး ကားလမ်းပေါ် မုံရွေး၊ ကြေးမုံ ရွာအနီးမှာ ဆိုင်ကယ်နဲ့ စျေးရောင်းချတဲ့ စျေးသည် ၄၀ ဦး ခန့်ကိုလည်း မိုင်းရှာခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ မုံရွာမြို့နယ်အတွင်းက ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီက အခုလက်ရှိမှာတော့ ရွာထဲက ပြည်သူတွေကို အခုလောလောဆယ် ဖမ်းပြီးတော့ စစ်တပ်စခန်းကိုတော့ ပြုပြင်မယ်ထင်တယ်ဗျ။ အခု လက်ရှိမှာတော့ ဆယ်ယောက်လောက်ပဲ ရှိဦးမယ်။ စျေးသည်တွေ ထွက်လာတဲ့အချိန်မှာ ဖမ်းတာပေါ့ဗျာ။ စျေးသည်တွေကို။ မနက်မိုးလင်းအထိကို ထိုင်ခိုင်းတယ်ပေါ့။ မနက်မိုးလင်းတဲ့အချိန်ကျတော့ မိုင်းရှင်းလင်းရေး လုပ်ခိုင်းတယ်။ ကြေးနီတောင်က ထွက်လာတဲ့ ယာဥ်တန်းကို ရှောရှောရှုရှု ထွက်လို့ရအောင်ဆိုပြီးတော့ ပြည်သူတွေကို ဓားစာခံလုပ်ပြီးတော့ မိုင်းရှင်းလင်းခိုင်းတာပေါ့ဗျာ။ သူတို့ သေမှာကြောက်တော့ ပြည်သူတွေကို တုတ်ပေးတယ်။ တုတ်ပေးပြီးတော့ ပြည်သူတွေကို ရှာခိုင်းတယ်ပေါ့။ သူတို့ကတော့ ပြည်သူတွေနောက်မှာ နေတယ်ပေါ့"

စခန်းသိမ်းတိုက်ပွဲကြောင့် အနီးအနားက ရွာပေါင်း ဆယ်ရွာခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။

ဆည်ကြီးတော၊ သစ်ညိုပင်၊ ခတက္ကန် (တောင်)၊ ခတက္ကန် (မြောက်)၊ တောင်မတောရွာမ၊ တောင်မတောရွာသစ်၊ တောင်ကြား၊ ဗန်စီ၊ နိဗ္ဗာန်ဝ၊ ကျီးအုပ်စတဲ့ရွာတွေက ဒေသခံ ငါးထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများ

ဗောဓိတစ်ထောင် စခန်းသိမ်းတိုက်ပွဲတိုင်ခင် တစ်ရက်အလို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ဗောဓိတစ်ထောင်ဘုရားရဲ့ တောင်ဘက် ငါးမိုင်ခန့်အကွာ ချောင်းဦးမြို့နယ်ထဲက ရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောါပတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ ချောင်းမရွာနဲ့ နွယ်ခွေရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ စက်တပ်လေထီးသုံးပြီး ဗုံးကြဲတာအပြင်၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် အရပ်သားဆယ်ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦး သေဆုံးတယ်လို့ ချောင်းဦးမြို့နယ်က သတင်းတွေဖော်ပြနေတဲ့ Chaung U Revolution News - CRN ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်က ချောင်းမကျေးရွာမှာ ရှစ်ယောက်။ နွယ်ခွေကျေးရွာက တစ်ယောက်။ နောက်ပြီးကျတော့ ဆားလင်းကြီးကနေမှ ခရီးသွားပြည်သူ တစ်ယောက်ရယ်ဆိုတော့ စုစုပေါင်း ဆယ်ယောက်ပေါ့နော်။ ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးတော့ ကျဆုံးတာရှိတယ်။ ဒီရက်ပိုင်းမှာတော့ အပြန်အလှန်ဖြစ်ပွားတဲ့ တိုက်ပွဲဆိုတာမရှိပါဘူး။ ဒီ ၂၅ ရက်နေ့မှာပေါ့နော်။ ဒါဘလိုင်းကြီးပေါ့ လေကြောင်းတွေရော တိုက်ခိုက်တယ်။ လက်နက်ကြီးတွေနဲ့ရော တောက်လျှောက်ထုတယ်ပေါ့နော်"

သေဆုံးတဲ့ အရပ်သားတွေထဲမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေး နှစ်ဦး ပါဝင်ပါတယ်။ အများစုကတော့ အသက် ၃၀ အရွယ်တွေဖြစ်ပြီး အသက် ၇၀ အရွယ်လည်း သက်ကြီးရွယ်အို တစ်ဦးလည်း ပါဝင်တယ်လို့ သူက ပြောတယ်။ ဒီ့အပြင် နောက်ထပ်အရပ်သား ရှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ချောင်းမရွာနဲ့ နွယ်ခွေရွာကို လေကြောင်းတိုက်ခိုက်တာအပြင် ချောင်းဦးမြို့ပေါ်ကနေ စစ်ကောင်စီတပ် အင်အား ခြောက်ဆယ်ခန့်နဲ့ ချောင်းမရွာကို စစ်ကြောင်းထိုးချိန် မြပုလဲစစ်ကောင်စီ တပ်စခန်းဂိတ်က လက်နက်ကြီးနဲ့ ပစ်ခတ်တယ်လို့လည်း ဆိုပါတယ်။

အိမ်ခြေ နှစ်ရာခန့်ရှိတဲ့ ချောင်းမရွာနဲ့ အိမ်ခြေ လေးရာခန့်ရှိတဲ့ နွယ်ခွေရွာတို့ဟာ ချောင်းဦးမြို့နဲ့ လေးမိုင်ကျော်အကွာမှာ ရှိပါတယ်။ အခြေအနေတွေ မတည်ငြိမ်သေးတာကြောင့် ချောင်းမနဲ့ နွယ်ခွေရွာတွေက တစ်ထောင်ကျော်ဟာ ရွာထဲ ပြန်မဝင်ကြသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဒီမနက်မှာလည်း ချောင်းဦးမြို့မြောက်ဘက် သုံးမိုင်ခန့်မှာရှိတဲ့ စစ်ကောင်စီတပ်ဂိတ်ကနေ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေသလို ပါရာမော်တာ (Paramotor) လို့ခေါ်တဲ့ လူစီး စက်တပ်လေထီးတွေ ပျံဝဲနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် အရပ်သားတွေနဲ့ ကာကွယ်အဖွဲ့ဝင်တစ်ချို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဝဲကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်အချို့ ပျက်စီးနေသည်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Upper Burma News Agency Photo)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဝဲကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်အချို့ ပျက်စီးနေသည်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Upper Burma News Agency Photo)

ဖေဖော်ဝါရီ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့က အင်အား သုံးရာခန့်နဲ့ ဝင်ရောက်စီးနင်းပြီး ကျေးရွာကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် အပါအဝင် သုံးဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မဲအိုးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ပေါင်တစ်ရာဗုံး နှစ်လုံး ကြဲချတိုက်ခိုက်တာကြောင့် စေတီပုထိုးတွေ ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဖေဖော်ဝါရီလ ၁၂ နဲ့ ၁၃ ရက်နေ့တွေကလည်း မုံရွာ၊ ချောင်းဦးနဲ့ ဆားလင်းကြီးမြို့နယ်တွေက ရွာတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ ယာယီတဲအိမ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား ဆယ်ဦးခန့် သေဆုံးပြီး နောက်ထပ် လူနှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA စာရင်းအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၀၀ ကျော် (၁၇၆၉ ဦး) သေဆုံးပြီး ၃၇၀၀ ကျော် (၃၇၂၀ ဦး) ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။