စစ်ကိုင်းမှာ လေကြောင်းကြောင့် တစ်ရက်သုံးဦးနှုန်း သေဆုံး
2025.02.23

စစ်ကိုင်းတိုင်းက မုံရွာ၊ ချောင်းဦးနဲ့ ကနီမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကနေ ၂၁ နေ့အထိ ဆယ်ရက်အတွင်း အရပ်သား သုံးဆယ်နီးပါး သေဆုံးပြီး ငါးဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက RFA ကို ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မှာ ပြောပါတယ်။ ဒီအရေအတွက်ကိုကြည့်ရင် စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် တစ်ရက်ကို သုံးဦးနှုန်း အသက်ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။
ကနီမြို့နယ်မှာ ခုနစ်ဦး၊ ချောင်းဦးမြို့နယ်မှာ ဆယ်ဦးနဲ့ မုံရွာမြို့နယ်တို့မှာ ဆယ်ဦး သေဆုံးခဲ့တာပါ။
“နမခ ဘက်က လက်နက်ကြီးတွေနဲ့ ညတိုင်းနီးပါး ပစ်ခတ်နေသလို ဂျက်တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတာတွေ ရှိပါတယ်”
တိုက်ပွဲမဖြစ်ဘဲနဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က တိုက်ခိုက်တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ချောင်းဦးဒေသခံတစ်ဦးက ပြောပါတယ်။
“ချောင်းဦးမြို့နယ်ကတော့ ပြည်သူတွေ ဒုက္ခရောက်တာ တော်တော် များတယ်ဗျာ။ လူဦးရေနဲ့ပြောမယ်ဆိုရင် တစ်သောင်းပတ်ချာလည်လောက် ရှိမယ်။ ငါးရက်လောက်ရှိပြီ။ သေဆုံးသူက ဆယ်ယောက်ကျော်မှာ ဒဏ်ရာရတာက မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်နဲ့ဆိုရင် သုံးဆယ်သာသာလောက် ရှိတယ်”
မုံရွာမြို့နယ်မှာလည်း ကာကွယ်ရေးတပ်တွေရှိမယ်လို့ ယူဆတဲ့ဒေသတွေကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ဘက်က လက်နက်ကြီးတွေနဲ့ ညတိုင်းနီးပါး ပစ်ခတ်နေသလို ဂျက်တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတာတွေ ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီတစ်ပတ်အတွင်း ဂျက်ဖိုက်တာတွေနဲ့ကြဲတာ တော်တော်များတယ်။ ပြည်သူတွေ တော်တော့်ကို အခက်တွေ့တယ်။ ညဘက်မှ အဓိက အများဆုံး အသုံးပြုတယ်။ နေ့ခင်းဘက် တက်တာ ရှားတယ်။ ညခင်းဘက်ဆို ပိုတက်တယ်။ ညနေပိုင်း အမှောင်ပျိုးပြီဆိုတာနဲ့ တက်လာပြီ။ ဘယ်ကိုပစ်မှန်း မသိတဲ့အခါကျတော့ လေထီးတက်လာပြီဆိုတာနဲ့ ပြည်သူတွေမှာ ပျာယာကိုခတ်လို့”
အလားတူ ကနီမြို့နယ်မှာလည်း စက်တပ် လေထီးနဲ့ဗုံးကြဲလို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တစ်ပတ်အတွင်း ဒေသခံခုနစ်ဦး သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။
“ဒီတစ်ပတ်အတွင်းမှာ ချောင်းမကျေးရွာက ပြည်သူငါးယောက် သေတယ်။ အယောက် နှစ်ဆယ်လောက် ဒဏ်ရာရတယ်ဗျ။ နတ်လာပို့ကျေးရွာက ပြည်သူနှစ်ယောက် သေတယ်၊ သုံးယောက် ဒဏ်ရာရတယ်ဗျ။ နှစ်ရွာပေါင်းဆိုရင် သေဆုံးမှုက ခုနစ်ယောက်ရှိတယ်”
ဒါကြောင့် အဲဒီမြို့နယ်သုံးမြို့နယ်က ဒေသခံ သုံးထောင်နီးပါးလည်း နီးစပ်ရာရွာတွေနဲ့ တောင်ယာတွေကို ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
“စစ်ကောင်စီတပ်ဟာ တိုက်ပွဲမဖြစ်တဲ့ဒေသတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်”
စစ်ကောင်စီတပ်ဟာ တိုက်ပွဲမဖြစ်တဲ့ဒေသတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ အညာဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လက်နက်ကိုင် အဖွဲ့အစည်းတွေမရှိဘဲနဲ့ အရပ်သားပြည်သူတွေ နေတဲ့ကျေးရွာ ငါးရွာ၊ ခြောက်ရွာလောက်ကို ထောက်လျှောက် ပစ်ခတ်တာတွေရှိတယ်။ လေကြောင်းနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိတယ်။ အရပ်သားပြည်သူတွေ သက်ကြီးရွယ်အိုတွေ၊ စစ်ဘေးဒုက္ခသည်တွေ၊ ကလေးတွေ၊ ဆုံးရှုံးရတာမျိုး ရှိပါတယ်။ သေဆုံးမှုကတော့ နှစ်ဆယ်အထက်မှာ ရှိတယ်။ ဒဏ်ရာရသူက တော်တော်များတယ်၊ ဆားလင်းကြီး၊ ကနီ၊ ယင်းမာပင်တွေရော အကုန်ပါမယ်ဆိုရင် ငါးဆယ်ကျော်လောက် ရှိမယ်”
၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက စစ်ကောင်စီတပ်ဟာ စက်တပ်လေထီးတွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာနဲ့ ကင်းထောက်တဲ့အခါမှာ ပိုသုံးလာတယ်လို့ သူကပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်ကြောင်းတွေကြောင့် ကန့်ဘလူဒေသခံငါးဦး သေဆုံး၊ သုံးဆယ်ကျော် ဖမ်းဆီးခံထားရ
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လေးလအတွင်း အရပ်သား လေးရာနီးပါး သေဆုံး
အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက်ခံရလို့ တစ်ရက်တည်း ၁၇ ဦး သေဆုံး
သေဆုံးဒဏ်ရာရတဲ့သူတွေရဲ့ နာမည်နဲ့အသေးစိတ် အချက်အလက်တွေကိုတော့ RFA အနေနဲ့ စာရင်းမရသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေပါဘူး။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဒီဇင်ဘာအထိ လေးနှစ်နီးပါးအတွင်း အရပ်သားငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့ဖြစ်ရပ်ပေါင်း ၃၆၄ ခုရှိခဲ့ပြီး သေဆုံးသူ ၃၅၆၃ ဦး ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။