စစ်ကြောင်းတွေကြောင့် ကန့်ဘလူဒေသခံငါးဦး သေဆုံး၊ သုံးဆယ်ကျော် ဖမ်းဆီးခံထားရ

RFA Burmese
2025.02.23
စစ်ကြောင်းတွေကြောင့် ကန့်ဘလူဒေသခံငါးဦး သေဆုံး၊ သုံးဆယ်ကျော် ဖမ်းဆီးခံထားရ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများအား ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဥ်။
Facebook/ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ဒေသခံငါးဦးကို ပစ်ခတ်သတ်ဖြတ်ကာ သုံးဆယ်ကျော်ကို ဖမ်းဆီးထားတယ်လို့ ကန့်ဘလူမြို့ခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းမှာ ခမရ-၃၆၁ နဲ့ စစ်တပ်ထောက်ခံသူတွေ အပါအဝင် အင်အားနှစ်ရာနီးပါး ပါဝင်ပြီး ရွာကိုဝင်ရောက်ချိန်မှာ ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံကို ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ကန့်ဘလူ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ကျွန်တော်တို့ရွာက ဦးသန်းရွှေက ထွက်ပြေးရင်း ဖုန်းကျန်လို့သွားယူတာ ပစ်သတ်ခံလိုက်ရတယ်။ သူက အသက် လေးဆယ်ကျော်ပြီ။ သူအပါအဝင် ငါးယောက် ပစ်သတ်ခံရတာ။ ကျန်တဲ့သူတွေက ဘယ်သူလဲဆိုတာ မသိရသေးဘူး။ ငါးယောက် သေသွားတာတော့ သေချာတယ်”

ဒါ့အပြင် အသက်မပြည့်သေးတဲ့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ သုံးဆယ်ကျော်လည်း ဖမ်းဆီးခံထားရပြီး ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ သူက ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထဲက အင်အား ငါးဆယ်ခန့်ဟာ ပေကြီးရွာမှာ အထိုင်ချထားပြီး ကျန်ရှိနေသူတွေက နီးစပ်ရွာတွေကို စစ်ကြောင်းဆက်ထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က အင်အား ငါးဆယ်ခန့်နဲ့ ဆက်အထိုင်ချထားပြီး ကျန်တဲ့အင်အား တစ်ရာကျော်က ငှက်ပျောတိုင်းရွာသစ် အပါအဝင် အနီးအနား ကျေးရွာတွေကို ဆက်ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းကြောင့် ပေကြီးရွာဒေသခံ ရှစ်ရာနီးပါးလည်း နီးစပ်ရာ ရွာတွေနဲ့ တောင်ယာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာတချို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်မဖြေပါဘူး။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၅ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၆၃၂၂ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။