ထိုင်း၊ ဂျပန်နဲ့ ကိုရီးယားကိုစေလွှတ်တဲ့ လုပ်သားအရေအတွက် စစ်ကောင်စီ ကန့်သတ်
2025.03.24

ပြည်ပအလုပ်အကိုင် အေဂျင်စီကတစ်ဆင့် လုပ်သားစေလွှတ်မဲ့အရေအတွက် ထိုင်းနိုင်ငံကို တစ်လ ငါးဆယ်ဦး၊ ဂျပန်နိုင်ငံအတွက် ၁၅ ဦးနဲ့ တောင်ကိုရီးယားနိုင်ငံအတွက် ဆယ်ဦးသာ တင်ပြဖို့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၃၀ ရက်မတိုင်မီ စာချုပ်ချုပ်ဆိုထားတဲ့ နိုင်ငံခြားသား အလုပ်အကိုင် အေဂျင်စီတွေထဲက ထိုင်းနိုင်ငံကိုစေလွှတ်မဲ့ အေဂျင်စီတွေအနေနဲ့ လုပ်သားသစ် ငါးဆယ်ဦးထက်မကျော်လွန်ဘဲ မတ် ၂၅ ရက်နေ့ နောက်ဆုံးထား တင်ပြရမှာဖြစ်ပြီး ဂျပန်နိုင်ငံအတွက် စေလွှတ်မဲ့ အေဂျင်စီတွေအနေနဲ့ လုပ်သားသစ် ၁၅ ဦးထက်မကျော်လွန်ဘဲ တင်ပြရမယ်လို့ The Star News က ဖော်ပြပါတယ်။
အေဂျင်စီတွေအနေနဲ့ အလုပ်ခေါ်စာတွေကို တစ်လ တစ်ကြိမ် တင်ပြရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ခွင့်ပြုချက်ရပြီး တစ်ပတ်အတွင်းမှာလည်း အလုပ်သမား စေလွှတ်ရမယ်လို့ ဖော်ပြပါတယ်။
ထိုင်း၊ ဂျပန်နဲ့ တောင်ကိုရီးယား အလုပ်ခေါ်စာအသစ်တွေကို ၂၀၂၅ ခုနှစ် မေ ၂ ရက်နေ့ကစပြီး တင်ပြနိုင်တယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။