စစ်တပ်နိုင်ငံရေးကထွက်ရေး မဖြစ်နိုင်တဲ့တောင်းဆိုမှုလို့ ဗိုလ်ချုပ်ကြီး ရာပြည့်ပြော
2025.03.26

စစ်တပ်ကို နိုင်ငံရေးကထွက်ဖို့ တောင်းဆိုတာဟာ မဖြစ်နိုင်တဲ့တောင်းဆိုချက် ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ (NSPNC)ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က မတ်လ ၂၆ ရက်နေ့က ပြောလိုက်ပါတယ်။
နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၅ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးနေ့ အပိတ်မိန်းခွန်းမှာ အခုလိုပြောဆိုခဲ့တာကို စစ်ကောင်စီသတင်းတွေအဓိကဖော်ပြတဲ့ သတင်းဌာနတချို့က ဗီဒီယိုရိုက်ကူး ထုတ်လွှင့်ခဲ့တာပါ။
“ကျွန်တော်တို့က ဘာသတ်မှတ်ချက်မှ မရှိဘူး။ ကျန်တဲ့အဖွဲ့အစည်းတွေက သတ်မှတ်ချက်တွေရှိတယ်။ တပ်မတော်က နိုင်ငံရေးက ထွက်မှတို့၊ တပ်မတော်ကို ဖျက်မှတို့၊ ယာယီအစိုးရဖွဲ့မှတို့ စသဖြင့် ဒီလိုမျိုး ကန့်သတ်ချက်တွေ၊ အဲ့ဒါတွေရှိမှ လာဆွေးနွေးမယ်ဆိုတဲ့ မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေရှိတယ်”
ဒါပေမဲ့ အဲ့ဒီတောင်းဆိုမှုတွေကိုလည်း လက်ခံဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ သူက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU)ပြောခွင့်ရသူ ပဒိုစောတောနီးကတော့ စစ်တပ် နိုင်ငံရေးက ထွက်ခွာရေး ဖိအားပေးလုပ်ဆောင်ရမယ်လို့ RFA ကို မတ်လ ၂၆ ရက်မှာ ပြောပါတယ်။
“အဲ့ဒီမဖြစ်နိုင်တဲ့ဟာကို ဖြစ်အောင်လုပ်ရမှာ ကျွန်တော်တို့တာဝန်လေ။ ကျွန်တော်တို့က စစ်ရေးနည်းလမ်းအားဖြင့် သော်လည်းကောင်း၊ နိုင်ငံရေးနည်းလမ်းအားဖြင့် သော်လည်းကောင်း၊ သံတမန်ရေးပိတ်ဆို့မှုအားဖြင့် သော်လည်းကောင်း၊ နောက် စီးပွားရေးပိတ်ဆို့မှုအပါအဝင် ပြည်သူ့လှုပ်ရှားမှုတွေနဲ့ ကျွန်တော်တို့ ဆက်ပြီးတော့ ဖိအားပေးမယ်”
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) တို့အပါအဝင် အတိုက်အခံအင်အားစုတွေက စစ်တပ်နိုင်ငံရေးက ထွက်ဖို့၊ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာနေဖို့ စတဲ့အချက်တွေကို လက်ခံမှ ဆွေးနွေးနိုင်မယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီကတော့ နေပြည်တော်မှာ သူ့ရဲ့ဆွေးနွေးဘက် တိုင်းရင်းသားလက်နက်ကိုင်တချို့ အပါအဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ မတ်လ ၂၄ရက်ကနေ မတ်လ ၂၆ ရက်အထိ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပါတယ်။