မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အရေးယူဖို့ ဗြိတိန်တိုက်တွန်း

RFA Burmese
2025.03.22
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အရေးယူဖို့ ဗြိတိန်တိုက်တွန်း ဗြိတိန်ကိုယ်စားလှယ် Eleanor Sanders အား တွေ့ရစဥ်။
Gov UK

မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် ကွပ်မျက်မှုတွေ၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေခြင်း၊ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က နေအိမ် တစ်သိန်းကျော်နဲ့ အရပ်ဘက် အဆောက်အအုံတွေကို မီးရှို့ခြင်းစတဲ့ ကုလအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာအပေါ် ဗြိတိန်အစိုးရအနေနဲ့ အလွန်စိုးရိမ်ပူပန်ကြောင်း ပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပနေတဲ့ ၅၈ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ မတ် ၂၀ ရက်နေ့အစည်းအဝေးမှာ ဗြိတိန်ကိုယ်စားလှယ် Eleanor Sanders က ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနေတာ၊ အထူးသဖြင့် ဖေဖော်ဝါရီ တစ်လတည်းမှာတင် လေကြောင်းတိုက်ခိုက်မှု သုံးရာကျော်ရှိခဲ့ပြီး အရပ်သားတွေ သေဆုံးတာ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေအပေါ် အထူးစိုးရိမ်ထိတ်လန့်မိတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေနဲ့ ပြစ်ဒဏ်က ကင်းလွတ်နေတဲ့အခြေအနေတွေကို အရေးယူနိုင်ရေး လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေသူ သန်း နှစ်ဆယ်နီးပါးရှိပြီး စားနပ်ရိက္ခာမလုံလောက်မှု လူ ၁၅ သန်း ကြုံနေရတဲ့အတွက် နိုင်ငံတကာရဲ့ အကူအညီနဲ့ အာရုံစိုက်မှုတွေဟာ အခုအချိန်မှာ ပိုမိုအရေးကြီးလာနေတယ်လို့ ဆိုပါတယ်။

ဗြိတိန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ကတိပြုထားကြောင်းနဲ့ အခု ဘဏ္ဍာနှစ်အတွင်း ပေါင် သန်း ခုနစ်ဆယ်ကျော် (အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော်) အကူအညီ ပေးထားပြီးဖြစ်ကြောင်း ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဗြိတိန်အစိုးရက လူပုဂ္ဂိုလ် ၂၅ ဦးနဲ့ အဖွဲ့အစည်း ၃၉ ခုကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး မြန်မာစစ်ကောင်စီရဲ့ ဘဏ္ဍာရေး၊ လက်နက်ကိရိယာတွေ သုံးစွဲခွင့်ကို ပစ်မှတ်ထား ပိတ်ဆို့ခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။