အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ပိုများလာ

RFA Burmese
2025.03.19
အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ပိုများလာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှ စိန်ရတနာဘုန်းကြီးကျောင်းကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
PSLF/TNLA NEWS

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် အရပ်သားငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ ဖြစ်ရပ်တွေ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။

ဒီနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လမှာလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုအကြိမ်ရေ နှစ်ဆယ်ကျော်ကြောင့် သေဆုံးရတဲ့သူ ၂၁၀ ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အကြံပေး ကိုမိုးထက်နေက RFA ကို ပြောပါတယ်။

"အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ကနေစပြီးတော့ နှစ်အလိုက်ကတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွေ ပိုပိုပြီး များလာတာကို တွေ့ရတယ်။ အများစုကတော့ လေကြောင်းက တိုက်ခိုက်မှုကြောင့် ဖြစ်ခဲ့တာပေါ့လေ။ ဒါပေမဲ့ တစ်ဖက်မှာလည်း စစ်ကြောင်းထိုးပြီးတော့ သတ်ဖြတ်ခံရတာမျိုးတွေ ရှိတယ်။ အနည်းဆုံးကတော့ နှစ်လပေါင်းမှာ ဖြစ်စဉ် ၂၄ ခု၊ စုစုပေါင်းသေဆုံးသူ အရေအတွက်ဆိုရင် ၂၁၀ ဦး ရှိတယ်ပေါ့ဗျာ"

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အရပ်သား ငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ရပ် အနည်းဆုံး ၃၈၈ ခု ရှိခဲ့ပြီး အသက်ဆုံးရှုံးရတဲ့သူ အနည်းဆုံး ၃၇၃၁ ဦးရှိခဲ့တယ်လို့ သူက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖြစ်ရပ် ၅၄ ခုမှာ သေဆုံးသူ ၅၇၀ ဦး၊ ၂၀၂၂ ခုနှစ် ဖြစ်ရပ် ၆၄ ခုမှာ သေဆုံးသူ ၆၁၁ ဦး၊ ၂၀၂၃ ခုနှစ် ဖြစ်ရပ် ၉၆ ခုမှာ သေဆုံးသူ ၈၉၈ ဦးနဲ့ ၂၀၂၄ ခုနှစ် ဖြစ်ရပ် ၁၅၀ မှာ သေဆုံးသူ ၁၄၄၂ ဦးရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ နိုင်ငံတစ်ဝန်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အခုမတ်လ ပထမနှစ်ပတ်အတွင်း အရပ်သား ၉၂ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ မန္တလေးတိုင်းဟာ သေဆုံးသူ ၄၂ ဦး၊ ဒဏ်ရာရသူ ၅၃ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။

မတ်လ ၁၆ ရက်နေ့က နောင်ချိုမြို့ စိန်ရတနာပရိယတ္တိစာသင်တိုက် လေကြောင်းနဲ့ ဗုံးကြဲခံရတာကြောင့် ကိုရင်နဲ့ သံဃာခြောက်ပါးနဲ့ ဒေသခံသုံးဦး၊ စုစုပေါင်း ကိုးဦး သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် လက်ပံလှရွာကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးခြောက်ဦး အပါအဝင် ဒေသခံ ၂၇ ဦး သေဆုံးခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်က ရေလယ်ကျွန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ရေစကြိုမြို့နယ် သာဂေါင် (ရွာမ) ကို မတ်လ ၇ ရက်နေ့ကစပြီး တစ်ပတ်နီးပါး ဝင်ရောက်တပ်စွဲပြီးနောက် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်း ခြောက်လောင်း တွေ့ရှိခဲ့တာကြောင့် နှစ်ပတ်အတွင်း သတ်ဖြတ်ခံရတဲ့ အရပ်သား ၁၇ ဦးထက်မနည်း ရှိခဲ့တယ်လို့ Yesagyo Township Info Committee အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

"ရွှေငွေပစ္စည်းတွေလည်း ယူသွားတယ်၊ လူကိုလည်း ရက်ရက်စက်စက် သတ်သွားတဲ့အတွက် ကျွန်တော်တို့ လုံးဝကို မခံစားနိုင်ပါဘူး"

ပစ္စည်းလည်းယူ၊ လူကိုလည်းသတ်သွားတာလို့ အသက် ၆၃ နှစ်အရွယ် ဖခင် သေဆုံးသွားတဲ့ သားဖြစ်သူက RFA ကို ပြောပါတယ်။

"ကျွန်တော် လုံးဝ လုံးဝကို မကျေနပ်နိုင်ဘူးပေါ့။ ရွှေငွေပစ္စည်းတွေယူပြီး လူပြန်လွှတ်ရင် ကျွန်တော်တို့က ခံသာပါသေးတယ်ပေါ့နော်။ အခုဟာက ရွှေငွေပစ္စည်းတွေလည်း ယူသွားတယ်၊ လူကိုလည်း ရက်ရက်စက်စက် သတ်သွားတဲ့အတွက် ကျွန်တော်တို့ လုံးဝကို မခံစားနိုင်ပါဘူး"

သူ့လိုပဲ အသတ်ခံလိုက်ရတဲ့ ခင်ပွန်းအတွက် ကျန်ရစ်သူဇနီးက စစ်ကောင်စီအဖွဲ့ကို တရားစွဲ အပြစ်ပေးသင့်တယ်လို့ ပြောပါတယ်။

"သူတို့က လူမဆန်စွာ ညှာတာမှုစိတ်မရှိဘဲနဲ့ လူဆိုးရယ်၊ လူကောင်းရယ်လို့လည်း မခွဲခြားဘဲနဲ့ ရက်ရက်စက်စက် မသေမရှင် မီးရှို့သလား။ သေပြီးမှ မီးရှို့သလား။ သတ်သွားတာပါ၊ အဲဒီလိုပဲသတ်သွားတယ်လို့ ယူဆရပါတယ်။ အိမ်ထောင်ဦးစီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံရလို့ ပျက်စီးသွားတဲ့အတွက် ဒီလိုရက်စက်တဲ့ဟာတွေကို တရားစီရင်မှုကတော့ သူတို့တစ်သက်တစ်ကျွန်းတင် မကပါဘူး။ ဘဝပေါင်းများစွာတောင် အပြစ်ပေးလို့ ဖြစ်နိုင်ပါတယ်လို့ ပြောချင်ပါတယ်"


ဆက်နွှယ်သောသတင်းများ

လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နှစ်ပတ်အတွင်း အရပ်သား ကိုးဆယ်ကျော် သေဆုံး

အာဏာသိမ်းပြီးနောက် စစ်ကိုင်းမှာ လူငါးထောင်ကျော် သေဆုံး

ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ခြောက်ရာကျော် စစ်ကောင်စီကျူးလွန်ခဲ့ကြောင်း NUG ပြော


အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုကြောင့် စစ်ကောင်စီခေါင်းဆောင်ကို အရေးယူလို့ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က RFA ကို ပြောပါတယ်။

"ICC တရားရုံးရှိတယ်၊ အဲဒီတရားရုံးကတော့ ပုံစံနှစ်ရပ်နဲ့ လက်ခံတယ်။ တစ်က သက်ဆိုင်ရာ အုပ်ချုပ်နေတဲ့ အစိုးရနေပြီးတော့ တရားဝင် တင်ပြတဲ့နည်းလမ်းပေါ့။ ဥပမာ NUG ကို နိုင်ငံတကာက အသိအမှတ်ပြု တယ်ဆိုလို့ရှိရင် သူက တင်ပြတဲ့နည်းလမ်းပေါ့။ အဲဒီလို စုံစမ်းစစ်ဆေးပြီးတော့မှ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို တင်တာပေါ့။ ဥပမာ ပူတင်တို့လိုဟာမျိုး၊ နေတန်ရာဟုလိုတွေ၊ ယူဂိုဆလားဗီးယား သမ္မတဟောင်း မီလိုဆီဗစ်ချ်တို့တွေ၊ မီလိုဆီဗစ်ချ်လက်အောက်မှာ အမှုထမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ အဲဒီလိုနည်းလမ်းတွေနဲ့တော့ လူသားမျိုးနွယ်ကို မျိုးပြုန်းအောင်လုပ်မှု၊ အစုလိုက်အပြုံလိုက် သတ်မှု၊ ရာဇဝတ်မှုကျူးလွန်တာတွေ အဲဒီလိုနည်းတွေနဲ့ အရေးယူလို့ရတယ်လို့ ဥပဒေအရ သိရပါတယ်"

မြန်မာနိုင်ငံမှာ တရားစီရင်ရေးယန္တရား ကောင်းလာတဲ့အခါမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်ကောင်စီအဖွဲ့ကို ထိုက်ထိုက်တန်တန် အပြစ်ပေးအရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီစဉ်ဆောင်ရွက်နေတယ်လို့ (NUG) လူ့အခွင့်အရေး ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။

"အထူးသဖြင့် ပြည်တွင်းတရားယန္တရား တရားစီရင်ရေးယန္တရားကို ဖော်ဆောင်နိုင်တဲ့အခါကျရင် အခုကျွန်တော်တို့ လက်တလော NUCC၊ NUG နဲ့ တခြားသက်ဆိုင်တဲ့ အစုအဖွဲ့တွေ ပါဝင်တဲ့ Transitional Justice Policy (အသွင် ကူးပြောင်းရေးကာလ တရားမျှတရေး မူဝါဒ) တွက်လာတဲ့ဟာ ရှိတယ်။ ဒီဟာတွေမှာလည်း ကျွန်တော်တို့က သတ်ဖြတ်မှုတွေ၊ လူမဆန်တဲ့ ရာဇဝတ်မှုမျိုးတွေ၊ နိုင်ငံတကာ ရာဇဝတ်မှုမျိုးတွေ ကျူးလွန်တဲ့ဟာတွေကို ထိုက်ထိုက်တန်တန် အရေးယူဖို့ ဆောင်ရွက်နေတာရှိပါတယ်"

စစ်ကောင်စီကကျူးလွန်ထားတဲ့ မိသားစုဝင်တွေအပေါ် ကျန်ရစ်တဲ့မိသားဝင်တွေက တရားမျှတမှုရအောင် မဖြစ်မနေဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများကို ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: MDY-PDF)
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများကို ၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: MDY-PDF)

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။

အာဂျင်တီးနားတရားရုံးက စစ်ကောင်စီခေါင်းဆောင်နဲ့ သူ့အဖွဲ့ကို ဖမ်းဝရမ်းထုတ်လိုက်တာကလည်း တရားမျှတမှုကို မျှော်လင့်နေတဲ့ ပြည်သူတွေအတွက် အင်အားဖြစ်စေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး ကိုဗညားက ပြောပါတယ်။

"အာဂျင်တီးနားကနေ ထုတ်လိုက်တဲ့ ဖမ်းဝရမ်းပုံစံမျိုးပေါ့နော်၊ ရိုဟင်ဂျာကိစ္စတစ်ခုကိုပဲ အဓိကထားတယ်ပဲ ပြောပြောပေါ့နော်၊ သူတို့အဆက်တွေက နိုင်ငံတကာမှာ တခြားသော တရားမျှတမှုကို ရှာတဲ့အခါမှာ အားဖြစ်စေတယ်။ အားဂျင်းတီးနားကိစ္စက စစ်ကောင်စီကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီးတော့မှ နိုင်ငံတကာဥပဒေကြောင်းအရ အရေးယူနိုင်တယ်။ စစ်ကောင်စီကို တရားစွဲတာတွေ၊ ဖမ်းဝရမ်းထုတ်တာတွေ လုပ်နိုင်ခြေ အခြေအနေအများကြီးရှိလာတယ်လို့ ပြောလို့ရပါတယ်"

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ဆက်စပ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က အရာရှိ ကြီးငယ် ၂၃ ဦးနဲ့ အဲဒီအချိန်က အစိုးရအဖွဲ့ကိုယ်စား တာဝန်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။