ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ခြောက်ရာကျော် စစ်ကောင်စီကျူးလွန်ခဲ့ကြောင်း NUG ပြော
2025.03.15

စစ်ကောင်စီတပ်က ဖေဖော်ဝါရီလအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ခြောက်ရာကျော် (၆၀၄ မှု) ကို ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မတ် ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ချိုးဖောက်ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအထဲမှာ ပုံစံအမျိုးအစား ၁၇ မျိုးနဲ့ တရားလက်လွတ် သတ်ဖြတ်ခံရတာ ၁၁၅ မှု ရှိတယ်လို့ ဆိုပါတယ်။
လိင်အကြမ်းဖက်မှု၊ အလုပ်သမား အခွင့်အရေး၊ တရားလက်လွတ်ချုပ်နှောင်မှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ ကလေးစစ်သား၊ ဆေးဘက်ဆိုင်ရာ စင်တာတွေကို တိုက်ခိုက်တာနဲ့ ဘာသာရေး အဆောက်အအုံတွေကို ဖျက်ဆီးတာနဲ့ ဖိအားပေး ရွှေ့ပြောင်းခိုင်းတာ စတဲ့ ချိုးဖောက်မှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပါ ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီးဌားနက ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။
“လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်နေအိမ် ၂၁၉ လုံး၊ ကျောင်း ၁၂ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၂၇ လုံး၊ ကျန်းမာရေးအဆောက်အဦ ၁၅ လုံး ဒါတွေအားလုံးဟာ ဖေဖော်ဝါရီ တစ်လတည်းမှာ စစ်ကောင်စီက ချိုးဖောက်ကျူးလွန်ခဲ့တာဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံ အမျိုးအစား ၁၇ မျိုးထဲမှာပါတဲ့ အခြားချိုးဖောက်မှုဆိုတာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေကို လက်နက်ကြီးတွေနဲ့ပစ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာကို ပြောတာပါ”
လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးအနေနဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့ပါဝင်ပြီး ဒီအချက်အလက်တွေဟာ ဒေသခံတွေနဲ့ သတင်းအရင်းအမြစ်တွေထံကနေ ကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဒီဇင်ဘာအထိ လေးနှစ်အတွင်း အရပ်သား ငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ရပ် အနည်းဆုံး ၃၆၄ ခု ကျူးလွန်းထားပြီး အရပ်သားပြည်သူ သတ်ဖြတ်ခံထားရမှု အနည်းဆုံး ၃၅၂၁ ဦး ရှိခဲ့တာဖြစ်တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။