မြန်မာ့ငလျင်ဘေးအကူအညီအတွက် ဂျပန်ကျွမ်းကျင်ပညာရှင်အဖွဲ့ စေလွှတ်မည်

RFA Burmese
2025.04.26
မြန်မာ့ငလျင်ဘေးအကူအညီအတွက် ဂျပန်ကျွမ်းကျင်ပညာရှင်အဖွဲ့ စေလွှတ်မည် မန္တလေးမြို့တစ်နေရာကို ၂၀၂၅ မတ်လ ၂၈ ရက်နေ့ ပြင်းထန်ငလျင်လှုပ်ခတ်ပြီးနောက် မြင်တွေ့ရစဉ်။
UNICEF

မြန်မာနိုင်ငံမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို လေ့လာသုံးသပ်ဖို့ JICA ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ခုကို ဧပြီလ ၂၇ ရက် မနက်ဖြန် စေလွှတ်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ဧပြီလ ၂၆ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

ဒီအဖွဲ့ဟာ မနက်ဖြန်မှာ ဂျပန်နိုင်ငံကနေထွက်ခွာလာမှာဖြစ်ပြီး မေလ ၃ ရက်နေ့အထိ ရန်ကုန်နဲ့ မန္တလေးအပါအဝင် ငလျင်ဘေးဒဏ်သင့်ဒေသတွေဆီကို သွားရောက်ကြမှာဖြစ်ပါတယ်။ အဲဒီနောက် ငလျင်ဒဏ်သင့်ဒေသတွေရဲ့ လက်ရှိအခြေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ လိုအပ်ချက်တွေကို အဓိကလေ့လာသုံးသပ်သွားကြမှာဖြစ်တယ်လို့လည်း ဂျပန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် ဂျပန်နိုင်ငံအစိုးရအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့ JDR)စေလွှတ်ခဲ့သလို အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ထောက်ပံ့ပေးအပ်တာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကနေတစ်ဆင့် အရေးပေါ်ထောက်ပံ့ငွေ ပေးအပ်တာတွေကို ဆောင်ရွက်ခဲ့ပါတယ်။ နောက်ထပ်လည်း လိုအပ်ချက်တွေအတွက် အကူအညီတွေကို ဆက်လက်ပံ့ပိုးသွားမယ်လို့လည်း ဂျပန်သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ဆယ်ခုမှာ ဧပြီလ ၂၄ ရက်နေ့အထိ နေအိမ်ပေါင်း ၆၃၈၅၄ လုံးပျက်စီးခဲ့ရသလို အိမ်ထောင်စု ၁၂၈၉၆၅ စု၊ လူဦးရေ ၆၂၉၂၀၆ ဦး ငလျင်ဒဏ်ကြုံခဲ့ရပါတယ်။

ဧပြီလ ၂၅ ရက်နေ့အထိ သေဆုံးသူ ၃၇၆၃ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၇ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၁၀ ဦးရှိတယ်လို့လည်းဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။