မြန်မာ့ငလျင်ဘေးအတွက် တောင်ကိုရီးယား ထောက်ပံ့ရေးပစ္စည်းတွေပေးပို့
2025.04.14

မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် တောင်ကိုရီးယားနိုင်ငံက ပထမဆုံးလူသားချင်းစာနာမှုအကူအညီတွေကို ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကိုရီးယားနိုင်ငံဟာ KOICA (ကိုရီးယားနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ) အရေးပေါ်သိုလှောင်ရုံက အရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေပေးပို့ခဲ့တယ်လို့ဆိုပါတယ်။ ကနဦးပေးပို့မှုမှာ ရွက်ဖျင်တဲ ၅၀၀၊ စောင် ၈၀,၀၀၀ နဲ့ ရေသန့်ဗူး ၄,၀၀၀ ခန့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုံးသိန်းခွဲဖိုး ပါဝင်တယ်လို့ဆိုပါတယ်။ ကုန်ပစ္စည်းတွေကို လေယာဉ်နဲ့ အဆင့်ဆင့် ပို့ဆောင်ပေးနေကြောင်းလည်း ဖော်ပြပါတယ်။
သဘာဝဘေး ကျရောက်ပြီးပြီးချင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ကို ပေးအပ်ထားပြီးဖြစ်တဲ့ ဒေါ်လာ ၂ သန်းအပြင် တောင်ကိုရီးယားအစိုးရက ဒေါ်လာ ၂ သန်းကျော်ဖိုးတန်ဖိုးရှိတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ထပ်မံပေးပို့ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။
ဒီအတောအတွင်းမှာဘဲ တောင်ကိုရီးယား တက္ကသိုလ်တစ်ခုဖြစ်တဲ့ Gachon University က သူ့ကျောင်းမှာ တက်ရောက်နေတဲ့ငလျင်ဘေးသင့် မြန်မာနိုင်ငံက ကျောင်းသားတွေကို ငွေကြေးထောက်ပံ့သွားမယ်လို့ ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
စုစုပေါင်း ကိုရီးယားဝမ် ၁၂၃ သန်းအသုံးပြုသွားမှာဖြစ်ပြီး မြန်မာကျောင်းသား ၆၁၉ ယောက်ကို ဝမ် ၂ သိန်းစီ တကြိမ်တည်း ပေးအပ်သွားမယ်လို့ ဆိုပါတယ်။