အပစ်ရပ်ကာလ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ သေဆုံးခဲ့ကြောင်း KNU ပြော

RFA Burmese
2025.04.27
အပစ်ရပ်ကာလ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ သေဆုံးခဲ့ကြောင်း KNU ပြော ကရင်ပြည်နယ်တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့သည့် ဘာသာရေးအဆောက်အအုံတစ်ခုအား ကရင်အမျိုးသားအစည်းအရုံး(KNU) က ၂၀၂၅ ဧပြီ ၂၂ ရက်နေ့က ထုတ်ပြန်ထားစဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

စစ်ကောင်စီက ငလျင်ကြောင့် အပစ်အခတ်ရပ်စဲခဲ့တဲ့ ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အတွင်း ကရင်ပြည်နယ်မှာ ဝေဟင်ကနေ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၀ သေဆုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဧပြီလ ၂၆ ရက် ညနေက ထုတ်ပြန်ပါတယ်။

ရဟန်းနှစ်ပါး၊ ကိုရင်ကြီးတစ်ပါးအပါအဝင် အရပ်သား ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘုန်းကြီးကျောင်း ငါးကျောင်း၊ ဘုရားကျောင်းတစ်ကျောင်းနဲ့ နေအိမ် ၂၇ လုံးပျက်စီးခဲ့ရတယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်စဲရေးကြေညာချက်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေထံကနေ အကူအညီတွေရဖို့ ရည်ရွယ်ထုတ်ပြန်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်တဲ့ မြို့ရွာတွေက ပြည်သူလူထုတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကိုတော့ အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ဧပြီလ ၂၀ ရက်နေ့ကတော့ အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ KNU ဘက်က စစ်ကောင်စီစခန်းတွေကို လာရောက်တိုက်ခိုက်တာရှိတဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင် MRTV ရုပ်သံကနေတစ်ဆင့် အခုလိုစွပ်စွဲပြောဆိုခဲ့ပါတယ်။

“KNU အနေနဲ့လည်း ကော့ကရိတ် ငါးဒိုင်ရွာ၊ ပတ္တမြားကွင်း စတဲ့နေရာတွေကို ဧပြီလ ၁၉ ရက်နေ့ မနက် ၈ နာရီမှာ တိုက်ခိုက်ခဲ့တဲ့အပြင် မြဝတီမှာရှိတဲ့ မဖွားသူလုံခြုံရေးစခန်းနေရာကို မနက် ၁၀ နာရီ ၅၀ မှာ တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်”

စစ်ကောင်စီက ငလျင်ကယ်ဆယ်ရေးအတွက်ဆိုပြီး ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလ ၃၀ ရက်နေ့ အထိ သက်တမ်းတိုးထားပါတယ်။

စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်းကြေညာခဲ့တဲ့ ဧပြီလ ၂ ရက်ကနေ ၂၄ ရက်အထိ လေကြောင်းနဲ့ လက်နက်ကြီးတိုက်လိုက်မှု ၁၇၂ ကြိမ်ရှိခဲ့ပြီး အဲဒီအထဲက ၇၃ ကြိမ်ဟာ ငလျင်ဘေးသင့်ဒေသတွေမှာ လုပ်ဆောင်ခဲ့တာလို့ ကုလသမဂ္ဂလူ့အခွင့်ရေးရုံးက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီလ ၂ ရက်ကနေ ၁၈ ရက်အတွင်း စစ်ကောင်စီဟာ တစ်ရက်ကို ပျမ်းမျှ လေယာဉ် ဒါမှမဟုတ် ဒရုန်းတိုက်ခိုက်မှု ဆယ်ကြိမ်နီးပါးခန့် ပြုလုပ်ခဲ့ပြီး နေ့စဉ် လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ဒီကာလ အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၅ ဦး ရှိကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။