ရွှေကျင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် လူ ၄၀၀၀ ကျော် ထွက်ပြေးနေရ
2025.04.29
ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲတွေကြောင့် အရပ်သား လေးထောင် ကျော်ထွက်ပြေးနေရတယ်လို့ KNUဗဟိုက ဧပြီလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
လိပ်ကုလား ၊ စံဒွန်းကုန်း၊ ကွမ်းဆိပ်၊ ကျုံချောင်၊ ညောင်ခြေထောက်၊ ဝင်းကံ၊ ရှမ်းစု စတဲ့ ကျေးရွာခုနစ်ရွာက အိမ်ထောင်စု ၈၅၅ စုက လူ ၄၁၉၆ ဦးမှာ တိမ်းရှောင်နေရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိလို့ ဒီနေ့အထိ နေရပ်ပြန်နိုင်ခြင်း မရှိကြသေးဘူးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ နေ့လယ်ကပြောပါတယ်။
“တစ်ချို့က ရန်ကုန်နဲ့ ပဲခူးဘက်ပြေးတယ်။ တစ်ချို့က ရွာနီးနားစပ်တွေကိုပြေးကြတယ်။ လက်နက်ကြီး တွေကတော့ ပစ်နေကြတာပဲ။ လွန်ခဲ့တဲ့နှစ်ရက်လောက်ကလည်း ပစ်ကြတယ်။ ဒေသခံတွေက ရွာထဲကို ပြန်မဝင်နိုင်ကြသေးဘူး။ ကွမ်းဆိပ်ရွာမှာဆိုရင်မှာ အိမ်ခြေ ၁၀၀၀ လောက်မှာ နည်းနည်းပါးပါး အိမ်စောင့် လောက်ပဲ ကျန်ခဲ့ကြတယ်။ ကျန်တဲ့လူတွေက အကုန်ထွက်ပြေးနေကြရတယ်။ လူတွေကတော့ ပြန်ချင်နေကြပြီ၊ ဒါပေမဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်နေတော့ ရွာထဲကိုကျလာမှာကိုကြောက်လို့ မပြန်ကြရသေးတာ”
သင်္ကြန်ကာလမတိုင်ခင်ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေကြတာလို့လည်း သူကပြောပါတယ်။
KNU ထိန်းချုပ်ထားတဲ့ မုန်းမြို့နယ်မှာလည်း ဧပြီ ၂၄ ရက် မနက်က စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း ခမရ ၄၃၉ က ၁၂၀ မမ လက်နက်ကြီး ၁၄ လုံးပစ်ခတ်ခဲ့လို့ လေးအိမ်စုရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၇၀ အရွယ် ဦးဝင်းနိုင် သေဆုံးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီအပြင် အသက် ၃၀ အရွယ် ဒေါ်မာဦးနဲ့ အသက် ၄၅ နှစ်အရွယ် ကိုထွန်းတို့ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် အပစ်အခတ်ရပ်စဲထားတယ်လို့ ကြေညာထားပေမဲ့ KNU ထိန်းချုပ်နယ်မြေတွေကို တိုက်ခိုက်နေတယ်လို့ KNU က ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
အပစ်အခတ်ရပ်စဲရေး ကြေညာထားတဲ့ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ KNU ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု နဲ့ လက်နက်ကြီးပစ်ခတ်မှု ၁၀၇ ကြိမ်အထိရှိခဲ့ပြီး အရပ်သား ၂၀ ဦးသေဆုံးကာ ၅၅ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။