သင်္ကြန်ကာလ ဗုံးကြဲမှုကြောင့် ရဟန်းနှစ်ပါးအဝင် ငါးဦးသေဆုံး၊ ၂၆ ဦးဒဏ်ရာရ

RFA Burmese
2025.04.15
သင်္ကြန်ကာလ ဗုံးကြဲမှုကြောင့် ရဟန်းနှစ်ပါးအဝင် ငါးဦးသေဆုံး၊ ၂၆ ဦးဒဏ်ရာရ နွားထိုးကြီးမြို့နယ် ကျွန်းဒေါင့်ရွာ ဘုန်းကြီးကျောင်း ၂၀၂၅ခုနှစ် ဧပြီလ ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ဗုံးကြဲခံရစဉ်။
Natogyi Journal

မြန်မာသင်္ကြန်ကာလမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ သံဃာတော်တွေအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး၊ နောက်ထပ် ၂၆ ဦးဒဏ်ရာရခဲ့ပါတယ်။

သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နဲ့ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်နေ့တွေမှာ ဘုန်းကြီးကျောင်းငါးကျောင်း အပါအဝင် ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကနီ၊ အင်းတော်၊ ကောလင်း၊ ဝန်းသို၊ တန့်ဆည် ၊ မန္တလေးတိုင်း သပိတ်ကျင်း၊ နွားထိုးကြီးနဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွေမှာ  အရပ်သားထိခိုက်သေဆုံးမှုတွေဖြစ်ပေါ်ခဲ့တာပါ။

ကနီမြို့နယ် သမင်ခြံရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်မနက် ၈ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုရင်နှစ်ပါးပျံလွန်ကာ နောက်ထပ်နှစ်ပါးဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“သမင်ခြံက ကိုရင်လေးပါးမှာ နှစ်ပါးက ပျံလွန်တော်မူသွားတယ်။ နောက်နှစ်ပါးက ဒဏ်ရာရတယ်။ ဗုံးကြဲတာ နည်းနည်းစောသွားလို့၊ သင်္ကြန်ကာလဆိုတော့ ဘုန်းကြီးကျောင်းမှာ ဥပုသ်သီလးဆောက်တည်မဲ့သူတွေရယ်၊ ကုသိုလ်ပြုမဲ့ သူတွေရယ်က မရောက်ကြသေးတဲ့အချိန်ဖြစ်နေတဲ့အတွက် ကျောင်းမှာ ရှိတဲ့ ကိုရင်လေး လေးပါးပဲ ထိသွားတာ”

ဒီအပြင် သမင်ခြံရွာအနီးက မုဌောရွာကိုလည်း ဗုံးကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်လို့ သူက ပြောပါတယ်။

အင်းတော်မြို့နယ် ပိန္နဲကုန်းရွာ ဘုန်းကြီးကျောင်းလည်း ဧပြီ ၁၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဗုံးကြဲ တိုက်ခိုက်ခံရပြီး လူနှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မန္တလေးတိုင်း နွားထိုးကြီးမြိုနယ် ကျွန်းဒေါင့်ရွာ ဘုန်းကြီးကျောင်းလည်း ဧပြီ ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ဗုံးကြဲ တိုက်ခိုက်ခံလိုက်ရပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း သက်တော် ၅၄ နှစ် အရွယ် ဥူးသဲဝရ အပါအဝင် ကိုရင်တစ်ပါးနဲ့ ကပ္ပိယ(အမျိုးသား)တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွားထိုးကြီးမြို့နယ် ကျွန်းဒေါင့်ရွာ ဘုန်းကြီးကျောင်း ၂၀၂၅ခုနှစ် ဧပြီလ ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ဗုံးကြဲခံရစဉ်။ (Photo : Natogyi Journal )
နွားထိုးကြီးမြို့နယ် ကျွန်းဒေါင့်ရွာ ဘုန်းကြီးကျောင်း ၂၀၂၅ခုနှစ် ဧပြီလ ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်မှာ ဗုံးကြဲခံရစဉ်။ (Photo : Natogyi Journal )

သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာလည်း ဧပြီလ ၁၃ ရက်နေ့ည ၁၀ နာရီကျော်မှာ ဗုံးကြဲတိုက် ခိုက်ခံလိုက်ရတယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“စစ်ကောင်စီက ည ၁၀ နာရီ ၂၁ မိနစ်မှာ ချောင်းကြီးကို လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ ဗုံးလေးလုံး ချတယ်ဗျ။ ပေါင် ၂၀၀၊ ၃၀၀ ဝန်းကျင် ဗုံးသီးတွေချတာ။ အဲ့ဒီဗုံးသီးအစတွေမှန်တာပေါ့”

ဒီတိုက်ခိုက်မှုကြောင့် ချောင်းကြီးရွာက အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးပြီး နောက်ထပ်ရှစ်ဦးဒဏ်ရာရ ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၃ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် မြောင်းတောင်ရွာ ဘုန်းကြီးကျောင်းနဲ့ တန့်ဆည်မြို့နယ်၊ လယ်မရွာ ဘုန်းကြီးကျောင်းနဲ့ ကောလင်းမြို့နယ်၊ ညောင်ကုန်းရွာတွေ ဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ ဘုန်းကြီးတစ်ပါးအပါအဝင် ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ကိုလည်း ဧပြီလ ၁၃ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၁၀ နှစ်အရွယ် မချစ်နှင်းဝေ၊ အသက် ၂၇ နှစ်အရွယ် မကျီကျီဝင်းနဲ့ အသက် ၃၄ နှစ်အရွယ် မဦးသန်းမေတို့သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဒါပေမဲ့ ဧပြီလ ၁၄ ရက်နေ့တုန်းကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို ဝိုင်းဝန်းတိုက်ခိုက်နေတယ်လို့ နိုင်ငံပိုင်မီဒီယာကတစ်ဆင့် စစ်ကောင်စီပြောခွင့်ရသူက ပြောဆိုခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့တော့ တစ်စုံတစ်ရာ ထည့်သွင်းပြောဆိုတာမရှိပါဘူး။

စစ်ကောင်စီတပ်က ငလျင်ဘေးကူညီကယ်ဆယ်ရေးကို အာရုံစိုက်လုပ်ဆောင်မယ်ဖိုပြီး ဧပြီလ ၂ရက်ကနေ ဧပြီလ ၂၂ ရက်အထိ အပစ်အခတ်ရပ်စဲမယ်လို့ကြေညာထားပါတယ်။

ဒီကာလအတွင်း ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နဲ့ ပဲခူးတိုင်းတွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ ကာကွယ် ရေးတပ်(PDF) တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။