စစ်ကိုင်းနဲ့ မန္တလေးက မြို့နယ်သုံးခု ဗုံးကြဲတိုက်ခိုက်ခံရပြီး လေးဦးသေ၊ ၁၃ ဦးဒဏ်ရာရ

RFA Burmese
2025.04.14
စစ်ကိုင်းနဲ့ မန္တလေးက မြို့နယ်သုံးခု ဗုံးကြဲတိုက်ခိုက်ခံရပြီး လေးဦးသေ၊ ၁၃ ဦးဒဏ်ရာရ အင်းတော်မြို့နယ်၊ ပိန္နဲကုန်းရွာ ဘုန်းကြီးကျောင်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၁၄ ရက်က ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။
Indaw Revolution-IR

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ အင်းတော်မြို့နယ်နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွေကို ဧပြီ ၁၃ ရက်နေ့ ညနဲ့ ၁၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကိုရင်နှစ်ပါးအပါအဝင် လေးဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ကနီမြို့နယ်က မုဌော၊ သမင်ခြံနဲ့ ဆူးလေကုန်းရွာတွေကို သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက် မနက် ၈ နာရီဝန်း ကျင်မှာ Y-12 လေယာဉ်နဲ့ ၁၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အားလုံးပေါင်း ၁၃ ကြိမ်ပစ်သွားတာ။ မုဌောရယ်၊ သမင်ခြံရယ်၊ ဆူးလေကုန်းရယ် ကိုပစ်သွားတာ။ ဆူးလေကုန်း က အရပ်သားမထိဘူး”

သမင်ခြံရွာ ဘုန်းကြီးကျောင်းထဲ ဗုံးသီးကျရောက်ပေါက်ကွဲပြီး ကိုရင်နှစ်ပါးပျံလွန်ကာ နောက်ထပ် နှစ်ပါးဒဏ်ရာ ရခဲ့သလို မုဌောရွာက အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။

ဒီအပြင် အင်းတော်မြို့နယ် ပိန္နဲကုန်းရွာ ဘုန်းကြီးကျောင်းလည်း ဧပြီ ၁၄ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခံရပြီး လူနှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာလည်း ဧပြီလ ၁၃ ရက်နေ့ည ၁၁ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတယ်လို့  ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးပြီး နောက်ထပ်ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ထိခိုက်သေဆုံးသူတွေက အရပ်သားတွေချည်းပဲဗျ။ အဓိကကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ပုံစံပဲ”

စစ်ကောင်စီတပ်က ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အာရုံစိုက်လုပ်ဆောင်ဖို့ဆိုပြီး ဧပြီလ ၂ ရက် ကနေ ဧပြီ ၂၂ ရက်အထိ သီတင်းသုံးပတ်ကြာအောင် ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားပါတယ်။

ဒါပေမဲ့ ဒီကာလအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာရုံး ပြောခွင့်ရသူ Ravina Shamdasani က မြန်မာစစ်တပ်ဟာ ငလျင်ကာလအတွင်း တိုက်ခိုက်မှုအကြိမ် ၁၂၀ ကျော်ရှိခဲ့ကြောင်း၊ ထက်ဝက်ကျော်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာတဲ့ ဧပြီ ၂ ရက်နေ့ နောက်ပိုင်း တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဧပြီလ ၁၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။ အများစုက လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။