ဒီပဲယင်း ကျခတ်ရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ကိုရင်နဲ့ အရပ်သား ငါးဦးသေဆုံး

RFA Burmese
2025.04.13
ဒီပဲယင်း ကျခတ်ရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ကိုရင်နဲ့ အရပ်သား ငါးဦးသေဆုံး စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျခတ်ကျေးရွာ ဘုန်းကြီးကျောင်း ၂၀၂၅ ဧပြီလ ၁၂ ရက်နေ့က ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်ညီနောင်များ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျခတ်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဧပြီလ ၁၂ ရက် မွန်းလွဲပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ကိုရင်သုံးပါးနဲ့ အရပ်သားနှစ်ဦး၊ စုစုပေါင်း ငါဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

နောက်ထပ်အရပ်သားငါးဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ စစ်ဘေးဒုက္ခသည်တွေအရေး အကူအညီပေးနေတဲ့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ခံက RFA ကိုပြောပါတယ်။

“ဧပြီလ ၁၂ ရက်နေ့ ၁ နာရီ ဝန်းကျင်လောက်မှာ လေယာဉ်တက်လာပြီး ကျခတ်ပြင်ကဘုန်းကြီးကျောင်းကို ပစ်သွားတာ။ ကိုရင်သုံးပါး၊ ကျောင်းသားတစ်ဦးနဲ့ စစ်ရှောင်တစ်ဦး ဆုံးသွားတယ်။ သေဆုံးတာက ငါးဦးပေါ့”

ဒီဖြစ်ရပ်အတွင်း ကိုရင်နှစ်ပါးနဲ့ စစ်ဘေးရှောင်ပြည်သူ ခုနစ်ဦး၊ စုစုပေါင်းကိုးဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ် လို့လည်းဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရသူတွေလည်းပါ ဝင်တယ်လို့ ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးကတော့ ဒဏ်ရာရသူတွေထဲက နောက်ထပ်သေဆုံးသူတွေ ရှိတယ်လို့ ပြောဆိုပေမဲ့ ဒါနဲ့ပတ်သက်လို့ RFA အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အဲဒီရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်းမရှိသလို တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲခံရတာလို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတွေဟာ နောက်ထပ်တစ်ကြိမ် လေယာဉ်နဲ့ဗုံးကြဲလာမလားစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင် နေကြရ တယ်လို့လည်းပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေကြရပေမဲ့ စစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ ဧပြီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။