စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေအတွက် အရေးယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း IIMM ပြော

RFA Burmese
2025.04.11
စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေအတွက် အရေးယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း IIMM ပြော IIMM အကြီးအကဲ Nicholas Koumjian ဂျီနီဗာမြို့ ကုလသမဂ္ဂအစည်းအဝေးမှာ မြန်မာပဋိပက္ခနောက်ဆုံးအခြေအနေ တင်ပြစဉ်၊ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၃ ရက်။ Photo: UN
UN

မြန်မာစစ်ကောင်စီက ဒီနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာကြောင်း၊ ဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုတွေ၊ ပျက်စီးမှုတွေ နဲ့ နေရပ်စွန့်ခွာမှုတွေ ပျံ့နှံ့ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဧပြီလ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုတွေကို အမိန့်ပေးစေခိုင်းသူတွေ နဲ့ လုပ်ဆောင်သူတွေကို အရေးယူနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IIMM ရဲ့ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်နှစ်က စစ်ကောင်စီလေကြောင်း ဗုံးကြဲမှုကြောင့် အနည်းဆုံး လူ ၁၅၅ ဦး သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ပဇီကြီးရွာ ဖြစ်ရပ်နောက်ပိုင်းကစပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက ငလျင်လှုပ်ခတ်မှုအပြီး အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေစဉ်မှာပင် စစ်တပ်က မန္တလေး၊ စစ်ကိုင်း နဲ့ အခြားဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်သူတွေက ဒီတိုက်ခိုက်မှုရဲ့ ဒဏ်ကို သွယ်ဝိုက်ခံစားရတာမဟုတ်ဘဲ၊ ပစ်မှတ်ထားပြီး တိုက်ရိုက်တိုက်ခိုက်တာကို များသောအားဖြင့် ခံနေရပါတယ်။ ကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ နဲ့ ဒုက္ခသည်စခန်းတွေ၊ ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေအပြင် ဂီတဖျော်ဖြေပွဲလိုမျိုး လူစုလူဝေးမှာ ဗုံးကြဲခံခဲ့ရကြောင်း၊ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ကြောင်း၊ အဓိက တာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုတွေကိုလည်း အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ လည်း ပြောပါတယ်။

IIMM အနေနဲ့ ဒီရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေအကြောင်း အထောက်အထားတွေကို စုဆောင်း စိစစ်သုံးသပ်နေတာဟာ ကျူးလွန်ဖို့ အမိန့်ပေးသူတွေ နဲ့ ကျူးလွန်လုပ်ဆောင်တဲ့သူတွေကို သိစေချင်ပါတယ်၊ တနေ့မှာ သူတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားရုံးမှာ ရင်ဆိုင်ရဖို့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။

IIMM အနေနဲ့ သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီကို အကြိမ်များစွာ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်တုံံ့ပြန်တာ မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။