ကြီးလေးတဲ့ရာဇဝတ်မှုတွေကို ဖော်ထုတ်တရားစွဲလိုတဲ့ အာဏာပိုင်တွေကို ကူညီမယ်လို့ IIMM ပြော

RFA Burmese
2025.01.30
ကြီးလေးတဲ့ရာဇဝတ်မှုတွေကို ဖော်ထုတ်တရားစွဲလိုတဲ့ အာဏာပိုင်တွေကို ကူညီမယ်လို့ IIMM ပြော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလတ်စ် ခွန်ဂျန် (Nicholas Koumjian)။
Photo: UN

မြန်မာပြည်သူပြည်သားတွေ ငြိမ်းချမ်းတဲ့အနာဂတ်ကို တည်ဆောက်နိုင်ဖို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်အပါအဝင် ရာဇဝတ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်နေတာကို အဆုံး သတ်ဖို့လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား IIMM ရဲ့ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် က ပြောလိုက်ပါတယ်။

IIMM အနေနဲ့ ဒီရာဇဝတ်မှုကျူးလွန်တာတွေကို စုံစမ်းဖော်ထုတ်တရားစွဲဆိုလိုတဲ့ အာဏာပိုင်တွေကို ကူညီဖို့ အသင့်ရှိတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆နဲ့ ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံးထံ ICC ရှေ့နေချုပ်က ဖမ်းဝရမ်းတင်ပြတောင်းဆိုထားပေမဲ့ လတ်တလော ကျူးလွန်ထားတဲ့ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တရားစွဲဆိုနိုင်တာမရှိသေးပါဘူး။

ဒါကြောင့် ရာဇဝတ်မှုကျူးလွန်သူတွေဟာ အကြမ်းဖက်မှုတွေကို ရဲရဲတင်းတင်း ပိုလုပ်ဆောင်လာတယ်လို့ နီကိုလတ်စ်ခွန်ဂျန် ကပြောပါတယ်။

ကျူးလွန်သူတွေ တရားဥပဒေရှေ့မှောက်ကို မရောက်မချင်း အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်နေမှာ ဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေအနေနဲ့ ဆင်းရဲဒုက္ခပိုခံစားရမယ်လို့ သူကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် IIMM က စုဆောင်းဆန်းစစ်ခဲ့တဲ့ အထောက်အထားတွေအရ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ နိုင်ငံအနှံ့မှာ ဖြစ်ပွားခဲ့ပြီး အထောက်အထားအများစုဟာ စစ်ကောင်စီက ကျူးလွန်တဲ့ရာဇဝတ်မှုတွေဖြစ်တယ်လို့ ပြောပါတယ်။

တခြားလက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကိုလည်း IIMM က စစ်ဆေးနေတယ်လို့ ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောလိုက်ပါတယ်။

စစ်ကောင်စီက ဆန္ဒပြပွဲတွေမှာ သေစေလောက်တဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့သလို ဆန့်ကျင်သူတွေကို ဥပဒေမဲ့ထောင်သွင်းအကျဉ်းချတာ၊ နှိပ်စက်ညှဥ်းပန်းတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထောက်ပြပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတဲ့အပြင် နေအိမ်စွန့်ခွာထွက်ပြေးရတာ၊ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးခဲ့ရတယ်လို့လည်း ထည့်သွင်းပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။