စစ်ကောင်စီ အပစ်ရပ်ကြေညာပြီး တိုက်ခိုက်မှုတွေ ဆက်လုပ်နေကြောင်း ကုလပြော

RFA Burmese
2025.04.25
စစ်ကောင်စီ အပစ်ရပ်ကြေညာပြီး တိုက်ခိုက်မှုတွေ ဆက်လုပ်နေကြောင်း ကုလပြော မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း သပိတ်ကျင်းမြို့မှာ ဧပြီလ ၁၉ ရက်နေ့က စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားတဲ့ မိသားစုဝင်များကို မြင်တွေ့ရစဉ်။
AFP

မတ်လက ဖြစ်ပွားခဲ့တဲ့ မြေငလျင်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီးနောက် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပေမယ့် စစ်ကောင်စီဟာ လေကြောင်း နဲ့ လက်နက်ကြီး တိုက်ခိုက်မှု အပါအဝင် လူအသေအပျောက်ရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ က ပြောလိုက်ပါတယ်။

မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် သိန်းနဲ့ချီတဲ့ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ နိုင်ငံစုံက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြသလို တိုက်ပွဲတွေရပ်တန့်ဖို့လည်း နိုင်ငံတကာက ထပ်တလဲလဲ တောင်းဆိုခဲ့ပါတယ်။

ဧပြီလ ၂ ရက်နေ့မှာ ရက်ပေါင်း ၂၀ အပစ်ရပ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီး မလေးရှားဝန်ကြီးချုပ် ဦးဆောင်တဲ့ အဆင့်မြင့်ဆွေးနွေးပွဲအပြီးမှာ ယာယီရပ်ဆိုင်းထားမှုကို ဧပြီလ ၃၀ ရက်အထိ သက်တမ်းတိုးခဲ့ပါတယ်။ဒါပေမယ့် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး အပစ်ရပ်စဲကြောင်း ကြေညာပြီးမှ လေကြောင်းတိုက်ခိုက်မှု ပိုတိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်ကနေစပြီး ဧပြီလ ၂၄ ရက်အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၄၀ နဲ့ လက်နက်ကြီး ၂၄ ကြိမ် အပါအဝင် တိုက်ခိုက်မှုအနည်းဆုံး ၂၀၇ ကြိမ် ရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးရုံး က ထုတ်ပြန်ပါတယ်။

အပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာတဲ့ ဧပြီ ၂ ရက်က စပြီး တိုက်ခိုက်မှု ၁၇၂ ကြိမ်ရှိခဲ့ပြီး ၇၃ ကြိမ်က ငလျင်ဘေးသင့် ဒေသတွေမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလ ၂ ရက်ကနေ ၁၈ ရက်အတွင်း စစ်ကောင်စီဟာ တစ်ရက်လျှင် ပျမ်းမျှ လေယာဉ် ဒါမှမဟုတ် ဒရုန်းတိုက်ခိုက်မှု ၉.၇ ကြိမ်ပြုလပ်ခဲ့ပြီး နေ့စဉ် လူ ၆ ဦးထက်မက သေဆုံးခဲ့ကြောင်း၊ ဒီကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၅ ဦး ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အပစ်အခတ်ရပ်စဲရေးမှာ စစ်ရေးလှုပ်ရှားမှုအားလုံးကို ရပ်တန့်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုတွေ ပံ့ပိုးပေးဖို့ ဖြစ်ပါတယ်၊ ဒါပေမယ့် ဒါတွေ ဖြစ်မလာပါဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး လူ့အခွင့်အရေးကိုယ်စားလှယ် James Rodehaver က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။