ငလျင်ကာလ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၄၀ ကျော်သေဆုံးကြောင်း NUG ထုတ်ပြန်

RFA Burmese
2025.04.29
ငလျင်ကာလ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၄၀ ကျော်သေဆုံးကြောင်း NUG ထုတ်ပြန် ကလေးမြို့နယ် နတ်ချောင်းရွာကို ၂၀၂၅ခုနှစ် ဧပြီ ၂၆ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။
citizen photo

ငလျင်ဘေးကြုံနေရတဲ့ကာလမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၄၂ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ငလျင်လှုပ်ခတ်တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီလ ၂၅ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၂၂၅ ကြိမ်ရှိခဲ့ပြီး သေဆုံးသူတွေထဲ အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၉ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

ဒီအပြင် ကလေးငယ် ၃၃ ဦးအပါအဝင် လူပေါင်း ၃၉၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သေဆုံးထိခိုက်မှု အများဆုံးက စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၅၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၈၀ သေဆုံးကာ ၁၂၁ ဦးဒဏ်ရာရခဲ့ပါတယ်။ မန္တလေးတိုင်းမှာတော့ လေကြောင်းတိုက်ခိုက်မှု ၄၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ၅၇ ဦးသေဆုံးကာ ၉၇ ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကို စာရွက်ပေါ်မှာပဲသက်တမ်းတိုးထားပြီး မြေပြင်မှာ တိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က RFA ကိုပြောပါတယ်။

“မြေပြင်မှာ အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်တာတွေ၊ စစ်ကြောင်းထိုးတာတွေ ဒါတွေကို တောက်လျောက်လုပ်ကိုင်ဆောင်ရွက်နေတာ တွေ့ရတယ်”

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

လေကြောင်းတိုက်ခိုက်မှုတွေဟာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ပြည်နယ်တွေအပြင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာ၀တီတိုင်းတွေမှာလည်း ဖြစ်ပွားခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် ဧပြီလကုန်အထိ အပစ်အခတ်ရပ်စဲထားမယ်လို့ ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။