ဆွမ်းကပ်နေချိန် ဗုံးကြဲခံရလို့ သုံးဦးသေ၊ ကိုးဦးဒဏ်ရာရ
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မင်းစောရွာ ဘုန်းကြီးကျောင်းမှာ ဧပြီ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်က သံဃာတွေကို ဆွမ်းကပ်လှူဒါန်းနေချိန် ဗုံးကြဲတိုက်ခိုက်ခံရပြီး ကိုရင်တစ်ပါးအပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ အသက် ၁၀ နှစ်အရွယ် အရှင်ကေလာသ၊ အသက် ၆၀ အရွယ် နော်မဝဲနဲ့ အသက် ၆၅ နှစ်အရွယ် နော်လှမြင့်တို့ဖြစ်ပါတယ်။
အရှင် ဥတ္တရ ၊ အရှင် ကိတ္တိ ၊ အရှင်မာနိတတို့ အပြင် အသက် ၂၆ နှစ်အရွယ် နော်မုကို့ ၊ အသက် ၂၇ နှစ်အရွယ် နော်မမိုး၊ အသက် ၂၈ နှစ်အရွယ် စောမောင်နူ၊ အသက် ၄၄ နှစ်အရွယ် စောကျော်ကေ့၊ အသက် ၆၂ နှစ်အရွယ် စောဂွတိုနဲ့ အသက် ၇၀ အရွယ် စောမောင်ရွှေတို့ ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေးကို အာရုံစိုက်လုပ်ဆောင်ဖို့ ယာယီအပစ်အခတ်ရပ်စဲ ထားမယ်လို့ထုတ်ပြန်ထားပေမဲ့ နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။