အရပ်သား နှစ်ထောင်ကျော် အသတ်ခံရမှု နိုင်ငံတကာ ဝမ်းနည်းကြောင်းဖော်ပြ

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဇွန်လ ၂၀ ရက်နေ့အထိ စစ်အာဏာသိမ်း တစ်နှစ်ကျော် အတွင်း အရပ်သား နှစ်ထောင်ကျော် အသတ်ခံရတဲ့အပေါ် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်နဲ့ နယ်သာလန်နိုင်ငံတို့က ဝမ်းနည်းကြောင်း ဇွန်လ ၂၂ ရက် မနေ့က ထုတ်ဖော်ပြောဆိုပါတယ်။
ရန်ကုန်ရှိ သံရုံးအသီးသီးရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် အသီးသီး ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစလို့ အသတ်ခံရတဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ အရေအတွက်ဟာ အခု ၂၀၂၂ ဇွန်လ ၂၀ ရက်နေ့မှာ အယောက် ၂၀၀၀ ရှိသွားပြီ လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန်လ ၂၁ ရက် နေ့က သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၂၂ ရက်နေ့မှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ အရပ်သား ခုနစ်ဦး ထပ်မံ အသတ် ခံရတာမို့ မနေ့ကထိ သေဆုံးသူ စုစုပေါင်းဟာ ၂၀၀၇ ဦးအထိ ရှိနေပြီလို့ AAPP က ဆိုပါတယ်။
ရန်ကုန်ရှိ အမေရိကန်သံရုံးကလည်း ဇွန်လ ၂၂ ရက်နေ့မှာ သံရုံးရဲ့ လူမှုကွန်ရက် စာမျက်နှာ ကို ဝမ်းနည်းခြင်းအထိမ်းအမှတ် အမည်းရောင်ကာဗာ ပြောင်းလိုက်ပြီး သေဆုံးခဲ့ရတဲ့ ပြည်သူ နှစ်ထောင်ကျော်အတွက် ဝမ်းနည်းစိတ်ထိခိုက်ရကြောင်း ဖော်ပြပါတယ်။
ဥရောပသမဂ္ဂ၊ ပြင်သစ်နဲ့ နယ်သာလန်နိုင်ငံ သံရုံးတွေကလည်း စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း အရပ်သားပြည်သူ နှစ်ထောင်ကျော် အသတ်ခံရတဲ့အပေါ် ဝမ်းနည်း စိတ်ထိခိုက်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်ရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ခံမှုရှိလာအောင် အပူတပြင်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။
"သူတို့အာဏာ တည်တံ့ခိုင်မြဲရေးအတွက်ကို မတရားဖမ်းဆီးတယ်။ ဖိနှိပ်တယ်။ ညှဥ်းပန်းတယ်။ နှိပ်စက်တယ်။ သတ်ဖြတ်တယ်။ နောက်ဆုံး ရွာလုံးကျွတ် မီးရှို့တယ်"
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်ကတော့ အာဏာသိမ်း တစ်နှစ်ကျော်အတွင်း အသတ်ခံရသူ အရေအတွက်ဟာ လက်တွေ့မှာ ဒီထက် ပိုများ နိုင်တယ်လို့ ပြောပါတယ်။
"သူတို့အာဏာ တည်တံ့ခိုင်မြဲရေးအတွက်ကို သူတို့ မတရား ဖမ်းဆီးတယ်။ ဖိနှိပ်တယ်။ ညှဥ်းပန်းတယ်။ နှိပ်စက်တယ်။ သတ်ဖြတ်တယ်။ နောက်ဆုံး ရွာလုံးကျွတ် မီးရှို့တယ်။ သတ်ဖြတ်တယ်။ လူပေါင်း မြောက်မြားစွာကို သတ်တာ သတ်တာ သတ်တာ၊ အခုက တော့ AAPP စာရင်းကတော့ နှစ်ထောင်ပေါ့။ တကယ်တော့ ဒီထက်ပိုဖို့ပဲ ရှိတယ်"
စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အင်အားသုံးဖြိုခွင်းတဲ့အခါ ပထမဆုံး သေဆုံးခဲ့သူဟာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင် ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က အစ်မဖြစ်သူနဲ့အတူ နေပြည်တော် သပြေကုန်း အဝိုင်း လူထုဆန္ဒပြပွဲမှာ ပါဝင်နေစဥ် ရဲတပ်ဖွဲ့ရဲ့ ဦးခေါင်းတည့်တည့် ချိန်ရွယ်ပစ်ခတ်မှုကို ခံခဲ့ရပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ ကွယ်လွန် ခဲ့တာပါ။
အဲဒီနောက်မှာတော့ ရန်ကုန်နဲ့ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးက လူထုဆန္ဒပြပွဲတွေ အင်အားသုံးဖြိုခွင်းခံရမှု၊ သံသယနဲ့ ဖမ်းဆီးစစ်ဆေးရင်း လက်လွန်သေဆုံးမှု၊ သွားရင်း လာရင်း လမ်းပေါ်ပစ်ခတ်ခံရပြီး သေဆုံးမှုတွေ ဆက်တိုက်ဖြစ်လာပါတယ်။
ရန်ကုန်မြို့က အသက် ၄၇ နှစ်အရွယ် ဦးထွန်းမောင် ဟာ ပြီးခဲ့တဲ့နှစ် မတ်လဆန်းက တစ်ယောက်တည်း နေအိမ်ကနေ ထွက်သွားပြီး ပြန်မလာတာကြောင့် လိုက်ရှာတဲ့အခါ မြောက်ဥက္ကလာပဆေးရုံကြီးမှာ အလောင်းပဲ ပြန်ရခဲ့တယ်လို့ ဦးထွန်းမောင်ရဲ့ မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။
"သူက မတ်လ ၃ ရက်နေ့မှာ ဆုံးသွားတယ်။ ကျမတို့က ရှာလို့ မတွေ့ဘူး။ ဆေးရုံတိုင်း၊ ဆေးရုံတိုင်းကို လိုက်ရှာတယ်လေ။ နောက်ပိုင်းမှာ မြောက်ဥက္ကလာ ဆေးရုံမှာ ရတယ်။ ၅ ရက်နေ့မှ ရတာ။ ၃ လပိုင်း ၃ ရက်နေ့မှာ ဆုံးသွားတာ ကျမတို့ မသိဘူး။ ၃ ရက်နေ့မှာ လိုက်ရှာတာ။ လိုက်ရှာလို့ မတွေ့ဘူး။ ဆေးရုံမှာလည်း သွားရှာတယ်။ မတွေ့ဘူး။ လိုင်းပေါ်မှာတွေ့လို့ မြောက်ဥက္ကလာဆေးရုံမှာ လူနာ သုံးယောက် ရှိတယ်တဲ့။ အဲဒါ မြောက်ဥက္ကလာဆေးရုံကို လိုက်ရှာတာမှာ သူ့ကိုတွေ့တယ်"

စစ်တပ်လက်ချက်နဲ့ သေဆုံးသူ နောက်တစ်ဦးကတော့ မလေးရှားသံရုံး ဗီဇာဌာနမှာ အလုပ်လုပ်နေရင်း သပိတ်စစ်ကြောင်းတွေမှာ ပါဝင်ခဲ့သူ ရဲဘော် ရမ်ချိုဖြစ်ပြီး ၂၀၂၁ ဒီဇင်ဘာလ ၈ ရက်နေ့က ကရင်ပြည်နယ်က အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် တိုက်ပွဲတစ်ခုမှာ အသက်ဆုံးခဲ့ရတာပါ။
စစ်တပ်သာ အာဏာမသိမ်းခဲ့ရင် ရဲဘော် ရမ်ချိုဟာ တခြားလူငယ်တွေလိုပဲ အနာဂတ် ကိုယ်စီနဲ့ ပုံမှန်ဘဝကို ဖြတ်သန်းနေရမှာလို့ ရဲဘော် ရမ်ချိုရဲ့ မိသားစုဝင်တစ်ယောက်က RFA ကို ပြောပါတယ်။
"စစ်တပ်က အာဏာမသိမ်းခဲ့ဘူးဆိုရင် အစ်မမောင်မှ မဟုတ်ဘူးပေါ့နော်။ ဒီဆယ်ကျော် သက်၊ နှစ်ဆယ်ကျော် လူငယ်တွေအားလုံးက ဖြောင့်ဖြူးတဲ့ အနာဂတ်တွေနဲ့ ပုံမှန် လူငယ်ဘဝတွေ ဆက်သွားနေရမယ့် အနေအထားပေါ့နော်။ အခု လက်ရှိ ဆုံးရှုံးတာ လည်း အစ်မမောင်တစ်ယောက်တည်း မဟုတ်ဘူး။ တကယ့်ကို ဆယ်ကျော်သက်လေး တွေရော မျိုးစုံကို ဆုံးရှုံးနေရတဲ့ အခြေအနေကြီးပေါ့လေ"
ပုဇွန်တောင်၊ ဗိုလ်တထောင် လူငယ်များသပိတ်ကော်မတီက မဂျူဝယ်လ် ကတော့ သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင် သွားမယ်လို့ RFA ကို ပြောပါတယ်။
"မိသားစုတွေ ဆုံးရှုံးသွားတယ်ဆိုတာလည်း ညီမတို့တွေအနေနဲ့ ဘယ်လောက်ပဲ ကိုယ့်ဘက်က ခံစားရပါတယ် ပြောနေပါစေ၊ တကယ်တမ်း လက်တွေ့ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကိုတော့ လက်တွေ့ မမီဘူးဆိုတာ သိပေမယ့် ဒီလိုမျိုး ဆုံးရှုံးနစ်နာလိုက်ရတဲ့ မိသားစုတွေအတွက် ညီမတို့တွေက ဆုံးရှုံးနစ်နာမှုတွေ အကုန်လုံးကို အားအင်တစ်ခု အနေနဲ့ပေါ့နော်၊ သတ်မှတ်ပြီးတော့ ဒီတော်လှန်ရေးကို အမြစ်ပြတ်ချေမှုန်းပါမယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းမယ်ဆိုတဲ့ စိတ်နဲ့ တော်လှန်သွားမှာ ဖြစ်တဲ့ အတွက်ကြောင့် ဆုံးရှုံးသွားတဲ့ မိသားစုတွေအတွက် ဒီနည်းတစ်ခုတည်းနဲ့ပဲ ညီမတို့တွေ အနေနဲ့ ပြန်လည်ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်ပါတယ်"
AAPP ရဲ့ ထုတ်ပြန်ထားတဲ့ သေဆုံးသူ နှစ်ထောင်ကျော်ဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက် ရဲနဲ့ စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက် ဖြစ်ပါတယ်။
သုတသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP-Myanmar ကတော့ အာဏာသိမ်းနောက်ဆက်တွဲ အပြန်အလှန် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတစ်ဝန်း နှစ်ဖက်စလုံးက သေဆုံးသူ အရေအတွက် စုစုပေါင်းဟာ ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့အထိ ၅၆၄၆ ဦးထက်မနည်း ရှိကြောင်း ပြီးခဲ့တဲ့လက သတင်းထုတ်ပြန်ထားပါတယ်။