ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
2025.04.25
ငလျင်ဘေးအတွက် ရရှိထားတဲ့ နိုင်ငံတကာအကူအညီတွေကို ဖြန့်ဝေပေးလိုက်ပြီလို့ စစ်ကောင်စီက ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မိုးကာတဲနဲ့ မိုးကာစ အနည်းငယ်ကလွဲပြီး ကျန်ပစ္စည်းအားလုံးကို ငလျင်ဒဏ်သင့်တဲ့ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်တွေဆီ ဖြန့်ဝေခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတကာကနေ ငလျင်ဘေးအတွက် ဧပြီ ၂၀ ရက်အထိ ကူညီထောက်ပံ့ရေးပစ္စည်း တန်ချိန် ၃၇၀၀ ကျော် ရရှိခဲ့တာပါ။
ဒါပေမဲ့ စစ်ကောင်စီကတစ်ဆင့် ဖြန့်ဝေတဲ့ နိုင်ငံတကာအကူအညီတွေကို ငလျင်လှုပ်ပြီး တစ်လနီးပါးကြာတဲ့အထိ ဘာတစ်ခုမှ မရရှိသေးတဲ့ ငလျင်ဘေးသင့်ပြည်သူတွေ အများအပြားလည်းရှိနေပါတယ်။
"ကျွန်တော်သိတာကတော့ ရတာဆိုလို့ အဲ့ဒီ UNDP တစ်ခုပဲရှိတယ်။ ကျန်တာဘာမှမရှိသေးဘူး၊ မရဖူးသေးဘူး"
ကိုယ်တိုင် ငလျင်ဘေးသင့်ခဲ့သလို ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီနေတဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့က ပရဟိတ လူငယ်တစ်ဦးကတော့ သူတို့ဆီတိုက်ရိုက်လာတဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)ရဲ့ ထောက်ပံ့မှုကလွဲလို့ ဘယ်နိုင်ငံတကာအကူအညီမှ မရသေးဘူးလို့ ပြောပါတယ်။
“UNDP ဆိုပြီး UN ကတစ်ခုရောက်တယ်ဗျာ။ အဲ့ဒါက အိမ်အသုံးအဆောင်ပစ္စည်း၊ မိုးကာ၊ ပါဝါဘန့်၊ ဆိုလာမီး၊ ငါးသေတ္တာ၊ ပဲနီလေး၊ အဝတ်အစား၊ မိန်းကလေးသုံး၊ ဆေးဝါး အစုံပေါ့။ ကျွန်တော်သိတာကတော့ ရတာဆိုလို့ အဲ့ဒီ UNDP တစ်ခုပဲရှိတယ်။ ကျန်တာဘာမှမရှိသေးဘူး၊ မရဖူးသေးဘူး၊ ဘယ်လို စီမံကိန်းနဲ့ ပေးမလဲတော့ မသိဘူး။ စာရင်းတွေတော့ကောက်ထားတယ်။ ဘာမှတော့မပေးသေးဘူး။ အသံလည်း မကြားသေးဘူး”
သေဆုံး၊ ထိခိုက်စာရင်း ကောက်ယူတာကလွဲလို့ စစ်ကောင်စီဆီက ခုချိန်အထိ ဘာအကူအညီမှမပေးသေးဘူးလို့လည်း သူက ပြောပါတယ်။
ပျော်ဘွယ်မြို့နယ်မှာ အဆောက်အအုံထောင်နဲ့ချီပျက်စီးခဲ့သလို လူ ၃၀၀ ထပ်မနည်းသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အလားတူ ရမည်းသင်းမြို့နယ် ရွာတန်းတိုက်နယ်ဒေသက ငလျင်ဘေးသင့်ပြည်သူတွေဟာ စစ်ကောင်စီဆီကတစ်ဆင့် ဖြန့်ဝေတဲ့ နိုင်ငံတကာအကူအညီတွေ လုံး၀မရသေးဘူးလို့ ပြောပါတယ်။
ငလျင်ဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ စစ်ကိုင်းမြို့မှာလည်း မိသားစုဝင်ဆုံးရှုံးတာ၊ အိုးအိမ်ပြိုပျက်တာတွေရှိပေမဲ့ ယာယီတဲခိုရေးစခန်းတွေကိုမနေဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေထိုင်ကြသူတွေဟာ အကူအညီတွေမရဘဲ ဖြစ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငလျင်ကြောင့် အမှန်တကယ်ထိခိုက်ခံစားရသူတွေဆီ အကူအညီတွေရောက်ဖို့ စနစ်တကျ စာရင်းကောက်ယူမှုလုပ်ဖို့ လိုအပ်တယ်လို့ စစ်ကိုင်းမြို့မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ထောက်ပြပါတယ်။
“လာပြီးတော့ စာရင်းပေးကြ၊ စာရင်းပေးတဲ့သူကို ထောက်ပံ့မယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ ထောက်ပံ့မဲ့သူက စာရင်းအသေအချာကောက်ယူဖို့ လိုအပ်တယ်ဗျ။ မိသားစုမှာ တစ်ယောက်ပဲ ကျန်ခဲ့တယ်၊ နှစ်ယောက်ပဲ ကျန်ခဲ့တယ်ဆိုတာမျိုးတွေရှိတယ်၊ အဲ့ဒီလူတွေက သူ့မိသားစုကို စောင့်ရှောက်ရတာကတစ်မျိုး သူတို့အိမ်ကနေ စွန့်ခွာလို့မရတဲ့အခြေအနေကတစ်ကြောင်းနဲ့ စာရင်းမပေးလိုက်နိုင်တဲ့ အခြေအနေတွေရှိတယ်”
ဒီအပြင် စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်နဲ့ ရှမ်းပြည်နယ် အင်းလေးဒေသက ငလျင်ဒဏ်သင့်ခဲ့တဲ့ ပြည်သူတချို့လည်း နိုင်ငံတကာအကူအညီတွေမရသေးဘူးလို့ ဆိုပါတယ်။
ဆက်နွှယ်သော သတင်းများ
ငလျင်အတွက် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီ တန် ၃၇၀၀ ကျော်ရရှိ
အင်းလေးဒေသက ငလျင်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေ
စစ်ကောင်စီရဲ့ ကန့်သတ်ချက်ကြောင့် ငလျင်ဘေး ကူညီရေးအဖွဲ့အချို့ လုပ်ငန်းရပ်ဆိုင်းရနိုင်
စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦးကတော့ အကူအညီမရသူတွေအနေနဲ့ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးအဖွဲ့နဲ့ ချိတ်ဆက်ဖို့ လိုတယ်လို့ RFA ကိုပြောပါတယ်။
“ဘယ်သူက ဘယ်လောက်ပျက်စီးတယ်၊ ပျက်စီးမှုပမာဏကိုအချိုးချပြီးတော့မှ အစိုးရအဖွဲ့ဆီ တင်ပေးရပါတယ်။ အစိုးရအဖွဲ့ကနေပြီးတော့ အဲဒါကို သူ့ဟာသူ ဖြန့်ခွဲတာပါ။ အကူအညီတွေ မရကြသေးဘူးဆိုတာက သူတို့တွေက သက်ဆိုင်ရာ ထွေအုပ်တွေနဲ့ ချိတ်ဆက်ရပါမယ်။ သက်ဆိုင်ရာ ထွေအုပ်တွေနဲ့ ချိတ်ဆက်ပြီးတော့မှ ညှိနှိုင်းပါမယ်။ မဟုတ်ဘူးဆိုလို့ရှိရင်တော့ အလှမ်းဝေးနေမှာ။ တစ်ချို့အချက်အလက်တွေမရတာက အဲဒါတွေပေါ့နော်။ သူတို့က ကိုယ့်အစီအစဉ်နဲ့ကိုယ် နေနေကြတာတွေရှိတယ်လေ။ အထောက်အပံ့မရတဲ့ သူတွေက သက်ဆိုင်ရာထွေအုပ်တွေနဲ့ ချိတ်ဆက်ရပါမယ်နော်”
စစ်ကောင်စီဟာ နိုင်ငံတကာက လက်ခံရရှိထားတဲ့ပစ္စည်းတွေကို မတ်လ ၃၀ ရက်ကနေ ဧပြီလ ၂၀ ရက်အထိ ဖြန့်ဝေခဲ့တယ်လို့ ဧပြီလ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ ဖော်ပြခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ချိန်ကနေ ဧပြီလ ၂၀ ရက်အထိ နိုင်ငံပေါင်း ၂၅ နိုင်ငံက ထောက်ပံ့ပစ္စည်း ၂၅၁၄ ဒသမ ၆ တန်နဲ့ ကယ်ဆယ်ရေးပစ္စည်း ၁၁၉၇ ဒသမ ၁၂ တန် စုစုပေါင်း ၃၇၁၁ ဒသမ ၇၂ တန်ရောက်ရှိထားပြီလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။