အင်းလေးက ငလျင်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေ

RFA Burmese
2025.04.11
အင်းလေးက ငလျင်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေ ငလျင်ကြောင့် အင်းလေးဒေသတွင် ပြိုကျသွားသည့်နေအိမ်များမှ မိသားစုများအား ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်တွင် တွေ့ရစဉ်။
Ashin Thihanyana

ရှမ်းပြည်နယ် အင်းလေးဟာ ငလျင်ဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က မြေငလျင်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနည်းတူ အင်းလေးဒေသက ထောင်နဲ့ ချီတဲ့နေအိမ်တွေကို ဖြိုဖျက်ပစ်ခဲ့သလို လူတစ်ရာကျော်သေဆုံးခဲ့ရပါတယ်။

အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံတွေဟာ အင်းလေးကန် ရေကျလို့ ပေါ်လာတဲ့ ကုန်းမြေတွေပေါ်မှာ ဖြစ်သလို နေထိုင်ကြတာရှိသလို တချို့ကတော့ လှေပေါ်မှာပဲ ယာယီအိမ်လုပ်ပြီး နေထိုင်ကြရပါတယ်။

မိုးမကျခင် သူတို့ဒီလိုနေလို့ရပေမဲ့ မိုးရွာပြီဆိုရင် အခုပေါ်နေတဲ့ ကုန်းမြေတွေလည်း ရေအောက်ကို ရောက်သွားမှာပါ။

ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၃၀ ကျော်ပြိုကျသွားတဲ့ ဇရပ်ကြီးရွာ ကျောင်းထိုင်ဆရာတော်ပြောတာက

“အခုတော်တော်များများ နေအိမ်တွေပျက်စီးသွားတယ်၊ ယိုင်သွားတယ်ဆိုတော့ လူနေလို့မရဘူး။ တချို့လည်း အဆင်ပြေတဲ့လူတွေကတော့ တခြားနေရာဒေသမှာ သွားပြီးတော့ နေထိုင်ကြတယ်။ များသောအားဖြင့် အဆင်မပြေတဲ့ ပုဂ္ဂိုလ်တွေကြတော့ ဒီမှာ လွတ်တဲ့ ကုန်းတွေ ၊ မြေတွေ အဲ့အပေါ်မှာစုပြီး လူ ၂၀ ၊လူ ၃၀၊ ၄၀ စသဖြင့် ဒီလိုပဲ စုပြီးတော့ နေကြရတယ်”

အင်းလေးဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းက တိုက်ခတ်ခဲ့တဲ့ ရာဂီမုန်တိုင်းကြောင့် ကျေးရွာ ၁၇၀ လောက် ရေနစ်မြှုပ်ခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့ရပါတယ်။

အဲ့ဒီတုန်းက ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်မပြင်နိုင်သေးခင်မှာပဲ အင်အားပြင်း ငလျင်ဘေးနဲ့ ကြုံလိုက်ရတာလို့ အင်းလေး ဒေသခံတစ်ဦး ကပြောပါတယ်။

“အခုဖြစ်သွားတဲ့ ရွာတွေက ရေပြင်ပေါ်က ရွာတွေများတာဖြစ်တဲ့အတွက်ကြောင့်မို့ ကုန်းပေါ်မှာ တဲလေးထိုးပြီး နေကြတယ်။ တချို့ဆိုရင်တော့ ကုန်းပေါ်က ဘုန်းကြီးကျောင်းမှာ သွားပြီး ခိုလှုံကြတယ်။ တချို့ဆိုရင်တော့ လှေနဲ့ မိုးကာလေး အုပ်ပြီးတော့ လှေပေါ်မှာပဲ ဒီလိုပဲ နေထိုင်နေကြရတယ်။ အခု ရေဘေးသင့်သွားတာကလည်း မကြာသေးဘူး။ ပြန်တောင်မှ နလန်မထူနိုင်ကြသေးဘူး။ နလန်တောင်မထူနိုင်သေးတဲ့အချိန်မှာ ဒီလိုငလျင်ဒဏ်ခံရတာဖြစ်တဲ့အတွက်ကြောင့်မို့ အိမ်ပြန်ဆောက်ဖို့ဆိုတာ အရမ်းကိုမှ ခက်ခဲတယ်”

ငလျင်ကြောင့် အင်းလေးဒေသက နေအိမ် ၂၅၀ ပြိုကျပျက်စီးခဲ့သည့် ကြာတောရွာကို ဧပြီလ ၉ ရက်တွင် တွေ့ရစဉ်။ Photo : Ashin Thihanyana
ငလျင်ကြောင့် အင်းလေးဒေသက နေအိမ် ၂၅၀ ပြိုကျပျက်စီးခဲ့သည့် ကြာတောရွာကို ဧပြီလ ၉ ရက်တွင် တွေ့ရစဉ်။ Photo : Ashin Thihanyana

ငလျင်ကြောင့် ကေလာ၊ ဇရပ်ကြီး၊ ကြာတော၊ နန်းပန်ပေါက်ပါး စတဲ့ ကျေးရွာပေါင်းနှစ်ဆယ်ကျော်က နေအိမ် နှစ်ထောင်ကျော်ပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

ငလျင်ဒဏ်သင့် အဆောက်အအုံတွေ ဖြိုဖျက်ခ စရိတ်ကြီးလို့ အခက်တွေ့နေ

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် ငလျင်ဘေး ကူညီရေးအဖွဲ့အချို့ လုပ်ငန်းရပ်ဆိုင်းရနိုင်

ငလျင်ကာလ တစ်ပတ်ကြာတဲ့အထိ ရှာဖွေကယ်ဆယ်ရေး အပြည့်မရနိုင်သေး


အင်းလေးဒေသမှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မပူဆူးကတော့ ဒေသခံတွေဟာ မျှော်လင့်ချက်တွေ မဲ့နေကြတယ်လို့ ပြောပြပါတယ်။

“ဖြစ်နိုင်ရင် သူတို့ရဲ့ အိမ်ကလေးတွေမှာ သူတို့က ပြန်ပြီးတော့ နေချင်တာပေါ့။ နောက် ကလေးလေးတွေဆိုရင်လည်း အဲ့လိုပဲ ညနေခင်း မိုးချုပ်လာပြီဆိုတာနဲ့ ကလေးတွေက  အိမ်ပြန်ချင်တယ် အိမ်ပြန်ချင်တယ်နဲ့ ဂျီကျတဲ့အခါကျတော့ ငိုယိုကြတဲ့အခါကျတော့ သူတို့မှာ စိတ်ပိုင်းဆိုင်ရာက တော်တော် လေးကို ထိခိုက်နေတဲ့ အခြေအနေဖြစ်နေတယ်။ သူတို့ဘ၀မှာ ကျန်တဲ့ ကြီးမားတဲ့ ပိုင်ဆိုင်မှုတွေ မရှိဘူး။ အိမ်လေးပဲရှိတာ။ သူတို့ပိုင်ဆိုင်တာလေးက ဝါးအိမ်လေးပဲဖြစ်ဖြစ် သေးသေးလေးပဲဖြစ်ဖြစ် ဒါလေးပဲ ပိုင်ဆိုတာ။ ဒီအိမ်လေးပါ ဆုံးရှုံးသွားတယ်ဆိုတော့ သူတို့မှာက ဘာမှကို ပိုင်ဆိုင်စရာမရှိတော့ဘူးဆိုတဲ့ မျှော်လင့်ချက်မဲ့တဲ့ စိတ်ခံစားမှုကို ခံစားနေရတာပေါ့”

ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရတဲ့ အင်းလေး ဒေသခံတွေဟာ လက်တလောမှာ အမိုးအကာတွေ အလုံအလောက် မရှိတဲ့အတွက် မိုးရွာရင် ပိုပြီး ခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ အခြေခံ စားသောက်ကုန် အကူအညီထက် ပြိုပျက်သွားတဲ့ အပျက်အစီးတွေကို ဖယ်ရှားဖို့နဲ့ နေအိမ်တွေ အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ဖို့ အရေးတကြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။