ငလျင်ကာလတစ်ပတ်ကြာအထိ ရှာဖွေကယ်ဆယ်ရေးအပြည့်အဝမရနိုင်သေး
2025.04.05

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခဲ့တာက အခုဆို တစ်ပတ်တိတိရှိသွားပါပြီ။ အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို အသက်ရှင် လျက်ကယ်ထုတ်နိုင်ဖို့ဆိုတာ အချိန်ကြာလာတာနဲ့ အမျှစိန်ခေါ်မှုတွေတိုးလာပါတယ်။
စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော်ဟာ မြိုပျက်ကြီးလိုဖြစ်နေပြီး ငါးထပ်လောက်မြင့်တဲ့ ဝန်ထမ်းအိမ်ယာအများအပြား မြေအောက်ရောက်ကုန်ပါတယ်။ ဒီနေရာမှာဆိုရင် လူသေအနံ့တွေနဲ့ မွန်းကျပ်နေပေမဲ့ ရှာဖွေကယ်ဆယ်ရေးတွေကိုတော့ လုံး၀ မတွေ့ရပါဘူး။
ဝန်ထမ်းတွေဘယ်လောက် အသက်ပျောက်သွားသလဲဆိုတာကိုတော့ စစ်ကောင်စီက ထုတ်ပြန်လာတာမရှိပါဘူး။
တဖန်ဒီအပျက်အစီးတွေကြားထဲ ရက်လည်ဆွမ်းသွတ် နေသူတွေကိုလည်း တွေ့နေရပါတယ်။
"ခေါင်းဆောင်တဲ့သူက ဆုံးသွားတော့ ဘာပြောလို့ ပြောရမှန်းကိုမသိတာ။"
ဒေါ်အေးဟာ သူ့ချစ်ရတဲ့တူမ ဒီနေရာမှာပဲ သေဆုံးသွားတာလို့ RFA ကို ပြောပြပါတယ်။
“တူမ၊ သူက ကုန်ခြောက်ရောင်းတာ ဒီနေရာလေးမှာ။ ကုန်ခြောက်နဲ့ ဖုန်းဘေလ်တို့၊ Kpay တို့ အဲ့လိုလေးတွေလုပ်တယ်၊ အဲ့ဒီကရတာလေးနဲ့ပဲ စားသောက်နေရတာပေါ့။ သူက ခေါင်းဆောင်တဲ့သူက ဆုံးသွားတော့ ဘာပြောလို့ ပြောရမှန်းကိုမသိတာ။ အဲလိုမျိုးတွေဖြစ်တယ်”
သူနဲ့ သူ့မိသားစုဝင်နှစ်ယောက် ဒဏ်ရာရထားပေမဲ့ ဆေးမီးတိုနဲ့ပဲ ကုနေတယ်လို့ ဒေါ်အေးက ဆက်ပြောပါတယ်။
နေပြည်တော်က ဆေးရုံတွေလည်း ငလျင်ကြောင့် ပျက်စီးသွားတဲ့အတွက် ဒဏ်ရာရသူတွေကို ယာယီတဲထိုးပြီး အရေးပေါ် ဆေးကုသမှုပေးနေရပါတယ်။ ပျက်စီးသွားတဲ့ လမ်း၊တံတားတွေကိုလည်း ထိထိရောက်ရောက် ပြန်မပြင်နိုင်သေးပါဘူး။
ငလျင်ဗဟိုချက်မနဲ့ နီးတဲ့ စစ်ကိုင်းမြို့ရဲ့ အပျက်အစီးကလည်း ဆိုဖွယ်ရာတောင် မရှိပါဘူး။ မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ပျက်စီးခဲ့သလို လူရှစ်ရာထက်မနည်း သေဆုံးနိုင်တယ်လို့ ကယ်ဆယ်ရေး သမားတွေ နဲ့ မြို့ခံတွေက ခန့်မှန်းထားပါတယ်။
ဆက်နွှယ်သော သတင်းများ
နိုင်ငံတစ်ဝန်း ငလျင်ကြောင့် သေဆုံးသူ ၃၃၀၀ ကျော်အထိရှိလာ
ငလျင်ကြောင့် အိမ်ဝေးနေကြရတဲ့ မန္တလေးမြို့ခံများ
မြန်မာမှာ လူသားချင်းစာမှုအကူအညီတွေ ကန့်သတ်မှုမရှိ ချက်ချင်းခွင့်ပြုဖို့ ကုလမဟာမင်းကြီး ပြော
တစ်နေရာတည်း မိသားစုဝင်တွေ အစုလိုက်အပြုံလိုက် သေဆုံးရသူတွေလည်း ရှိနေပါတယ်။
"ကျွန်တော်တို့ ကိုးယောက်ကတော့ ပြိုတဲ့အထဲ ပိတ်မိတာပေါ့။ ငါးယောက်ကတော့ လွတ်မြောက်ပါတယ်။ လေးယောက်ကတော့ အသက်ပေးလိုက်ရပါတယ်။"
ဒါက သုံးထပ်တိုက်တစ်လုံးရဲ့ အပျက်အစီးပုံကြီးပါ။ ဒီအထဲ အမေဖြစ်သူရော၊ သမီးဖြစ်သူပါ သေဆုံးသွားတာလို့ အသက် ၅၀ အရွယ် ဦးတင်မိုးက ပြောပြပါတယ်။
“ကျွန်တော်တို့ ဟိုဟာကတော့ သုံးထပ်ပေါ့၊ မြေငလျင်ကြောင့် ပြိုသွားတာပေါ့။ ပြိုသွားတဲ့ အချိန်မှာ ကျွန်တော်တို့ မိသားစုနေတာက ၁၂ ယောက်နေတာ။ ၁၂ ယောက်နေတဲ့အထဲမှာ ကျွန်တော်တို့ ကိုးယောက်ကတော့ ပြိုတဲ့အထဲ ပိတ်မိတာပေါ့။ ငါးယောက်ကတော့ လွတ်မြောက်ပါတယ်။ လေးယောက်ကတော့ အသက်ပေးလိုက်ရပါတယ်။ ကျွန်တော့်ရဲ့ အမေရယ်၊ သမီးအကြီး ရယ်၊ တူမလေးရယ်၊ ပြီးတော့ ဧည့်သည်တစ်ယောက်ရယ်ပေါ့”
လွတ်မြောက်လာသူတွေထဲ ဦးတင်မိုးရဲ့ ညီမဖြစ်သူ မတင်မိုးခိုင်လည်းပါပါတယ်။
အသက် ၄၇ နှစ်အရွယ် မတင်မိုးခိုင်ဟာ အမေရော သမီးပါ တပြိုင်တည်း ဆုံးရှုံးလိုက်ရတဲ့ သူ့အစ်ကိုအတွက် ယူကျုံးမရဖြစ်နေပါတယ်။
“သူတို့မှာ မိစုံဖစုံလေးတွေနဲ့ပေါ့။ အဲ့ဒါကို ကိုယ့်အသက်နဲ့များ ပေးလို့ရလို့ရှိရင် အဲ့ဒီလို ပေးလိုက်ချင်တာပေါ့လေ။ ကိုယ်ဆိုတာတော့ အမေနဲ့ တန်းတူပါသွားရင် ကျေနပ်ပါတယ်။ အဲ့လိုခံစားရတာပေါ့"
သူတို့ဟာ မိသားစုဝင်တွေ အခုလို ရုတ်တရက် သေဆုံးသွားတယ်ဆိုတာကို လက်ခံနိုင်ဖို့ ကြိုးစားနေရဆဲပါ။

စစ်ကိုင်းမြို့မှာ စစ်ကောင်စီတပ်ရဲ့ သွားလာခွင့် နဲ့ လုံခြုံရေးကန့်သတ်မှုတွေလည်း ရှိနေပါတယ်။
ဒီအပြင် အဆောက်အအုံပျက်တွေက လမ်းတွေကိုပိတ်ဆို့နေလို့ ရှာဖွေကယ်ဆယ်ရေးမလုပ်နိုင်တဲ့ နေရာတွေလည်း အများအပြားရှိနေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ဧပြီလ ၄ ရက်မနက်အထိ စစ်ကောင်စီရဲ့စာရင်းတွေအရ နိုင်ငံတစ်ဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၃၁၀၀ ကျော်ရှိလာပြီး၊ ဒဏ်ရာရသူလည်း ၄၅၀၀ ကျော်ရှိနေပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ ပြည်တွင်းစစ်ကြောင့် အရင်ကတည်းက ဆိုးဝါးနေပြီးသား မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဟာ ငလျင်ကြောင့် ပိုပြီးဆိုးဝါးသွားစေပါတယ်။