နိုင်ငံတစ်ဝန်း ငလျင်ကြောင့် သေဆုံးသူ ၃၃၀၀ ကျော်အထိရှိလာ

RFA Burmese
2025.04.05
နိုင်ငံတစ်ဝန်း ငလျင်ကြောင့် သေဆုံးသူ ၃၃၀၀ ကျော်အထိရှိလာ မန္တလေးမြို့ရှိ TULIP တည်းခိုခန်းအဆောက်အဦ ငလျင်ကြောင့်ပြိုကျမှုတွင် သေဆုံးသွားသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က သယ်ထုတ်လာကြစဉ်။
Myanmar Fire Services Department

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီလ ၄ ရက် ညနေ ၆ နာရီအထိ သေဆုံးသူ ၃၃၅၄ ဦးအထိ ရှိလာနေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဧပြီလ ၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူ ၄၅၀၈ ဦးနဲ့ ပျောက်ဆုံးနေသူ ၂၂၀ အထိရှိတယ်လို့ဆိုပါတယ်။

သေဆုံးသူ ၃၃၅၄ ဦးထဲမှာ မန္တလေးတိုင်းက ၂၁၂၂ ဦးနဲ့ အများဆုံးဖြစ်ပြီး နေပြည်တော်မှာ ၆၁၄ ဦးနဲ့ ဒုတိယ အများဆုံး၊ စစ်ကိုင်းတိုင်းမှာ ၅၀၇ ဦးနဲ့ တတိယအများဆုံးဖြစ်ပါတယ်။ အခြားသေဆုံးသူတွေကတော့ ရှမ်းပြည်နယ်မှာ ၆၆ ဦး၊ ပဲခူးတိုင်မှာ ၄၄ ဦးနဲ့ မကွေးတိုင်းမှာ တစ်ဦး ဖြစ်ပါတယ်။

ပျောက်ဆုံးသူ စာရင်း ၂၂၀ ထဲမှာ မန္တလေးတိုင်း ပြည်ကြီးတံခွန်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ၂၀၅ ဦးအထိ ရှိတယ်လို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဧပြီလ ၄ ရက်နေ့အထိ ကောက်ယူထားတဲ့စာရင်းတွေအရ နိုင်ငံတစ်ဝန်း ငလျင်ကြောင့် သေဆုံးသူ ၃၁၆၂ ဦးရှိတယ်လို့ ထုတ်ပြန်ပါတယ်။

NUG စာရင်းအရ သေဆုံးမှုအများဆုံးဟာ မန္တလေးတိုင်းကဖြစ်ပြီး ၁၈၀၈ ဦးရှိပါတယ်။ ဒါ့အပြင် ပဲခူးတိုင်းက ၆၆ ဦး၊ စစ်ကိုင်းတိုင်းက ၆၈၆ ဦး၊ နေပြည်တော်က ၄၉၇ ဦး နဲ့ ရှမ်းပြည်တောင်ပိုင်းဒေသက ၁၀၅ ဦး ရှိတယ်လို့ ဆိုပါတယ်။

ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာ ရှာဖွေကယ်ရေးလုပ်နေသူတွေကတော့ အမှန်တကယ်သေဆုံးသူနဲ့ ပျောက်ဆုံး သူအရေအတွက်ဟာ စစ်ကောင်စီနဲ့ NUG ထုတ်ပြန်ချက်ထက် ပိုများနိုင်တယ်လို့ပြောဆိုကြပါတယ်။

ငလျင်ဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ စစ်ကိုင်းနဲ့ မန္တလေးမှာ ငွေကြေးထောက်ပံ့မှုတွေ ရှိပေမယ့်လည်း အစားအစာဝယ်ယူဖို့ စျေးတွေ ဖွင့်လှစ်နိုင်ခြင်းမရှိတာကြောင့် ကုန်စည်ရှားပါးမှု နဲ့ စျေးကြီးပေးဝယ်ရတာတွေ ကြုံနေ ရတယ်လို့ NUG ရဲ့ ထုတ်ပြန်မှာပါရှိပါတယ်။

အုတ်ခဲကျိုးတွေ နဲ့ အပျက်အစီးတွေကို ရှင်းလင်းနိုင်ဖို့အတွက် ဝန်ချီစက် နဲ့ ယာဉ်တွေ ငှားရမ်းဖို့ ငွေသား ထောက်ပံ့မှု လိုအပ်နေတယ်လို့ လည်း ဆိုပါတယ်။

ယာယီနေရာချထားရေး စနစ်တကျ မဆောင်ရွက်နိုင်တဲ့အတွက် လုံခြုံရေး၊ ကျန်းမာရေးနဲ့ တခြား နောက်ဆက်တွဲ ပြဿနာတွေ စိုးရိမ်စရာရှိနေကြောင်းနဲ့ အကူအညီပေးရေးအဖွဲ့တွေအနေနဲ့ ငလျင်ဘေးသင့် ပြည်သူတွေကို စနစ်တကျ အကူအညီဖြန့်ဝေနိုင်မယ့်နည်းလမ်းတွေ ကူညီထောက်ပံ့ဖို့ လိုအပ်နေတယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။