ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ အဝင်အထွက် စစ်ကောင်စီတင်းကျပ်
2025.04.03

ငလျင်ဒဏ်အကြီးအကျယ်ကြုံခဲ့ရတဲ့ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အဝင်အထွက်ကို စစ်ကောင်စီက ဧပြီလ ၃ ရက် ဒီနေ့မနက်ကစလို့ တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။
စစ်ကိုင်းတံတားထိပ်မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ စစ်ဆေးနေတာလို့ဆိုပါတယ်။ အခုလို စစ်ဆေး မှုကြောင့် ငလျင်အတွက် ကူညီဖို့လာရောက်တဲ့ အရပ်ဘက်လူမှုကူညီရေးအဖွဲ့အချို့ နောက်ပြန်လှည့်သွားရ တာတွေရှိတယ်လို့ အမည်မဖော်လိုတဲ့ စစ်ကိုင်းမြို့ခံ မျက်မြင်တစ်ဦးက RFA ကိုပြောပါတယ်။
"မနက်ကတည်းက မြို့ဝင် မြို့ထွက် အားလုံးပိတ်စစ်နေတာ။ အခုနေ့လယ်အချိန်အထိ တံတားပေါ် ကားတွေပိတ်နေတုန်း။ စစ်ကိုင်းမြို့နယ်ကို လာကူညီမဲ့ ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့ တချို့ကားတွေဆို တံတားပေါ် မရောက်ခင်ကတည်းက မန္တလေးဘက်ကို ပြန်လှည့်သွားကြတာတွေလည်းရှိတယ်”
ငလျင်ဘေးအတွက် ထောက်ပံ့ရေးပစ္စည်းတွေကိုပါ စစ်ဆေးနေတာကြောင့် ဒီနေ့ နေ့လယ်အထိ မြို့အဝင်မှာ ကားအစီးရေ ထောင်နဲ့ချီပိတ်မိနေတယ်လို့ဆိုပါတယ်။
ငလျင်ကာလမတိုင်ခင်ကတည်းက စစ်ကိုင်းမြို့အဝင်အထွက်ကို စစ်ကောင်စီစစ်ဆေးရေးဂိတ်က စစ်ဆေးတာရှိပေမဲ့ ဒီနေ့မှာတော့ အရင်ကထက် ပိုမိုတင်းကျပ်စစ်ဆေးတာဖြစ်လို့ တံတားကိုဖြတ်သန်းဖို့ အချိန် ၂ နာရီခန့် ကြာမြင့်တယ်လို့လည်း ကိုယ်တိုင်စစ်ဆေးခံရသူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီက အခုလိုဘာကြောင့် တင်းတင်းကျပ်ကျပ်စစ်ဆေးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေမဲ့ စစ်ကိုင်းမြို့ကို စစ်ကောင်စီဘက်က တာဝန်ရှိသူတစ်ဦး လာရောက်ဖို့ ရှိတာကြောင့် စစ်ဆေးတာဖြစ်နိုင်တယ်လို့ လည်း သူကပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
စစ်ကိုင်းမြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ လှုပ်ရှားရာ ဒေသတစ်ခုဖြစ်ပေမဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ငလျင်ဘေးဒဏ်သင့်ဒေသအားလုံးကို မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၂ နေ့အထိ ထိုးစစ်အားလုံးကို ရပ်ဆိုင်းထားတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
စစ်ကိုင်းမြို့ပေါ်က ငလျင်ဘေးဒဏ်သင့်ဒေသခံတွေကို စစ်ကောင်စီဘက် ထိထိရောက်ရောက်ကူညီတာ မရှိသေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။