မြန်မာမှာ လူသားချင်းစာမှုအကူအညီတွေ ကန့်သတ်မှုမရှိ ချက်ချင်းခွင့်ပြုဖို့ ကုလမဟာမင်းကြီး ပြော

RFA Burmese
2025.04.04
မြန်မာမှာ လူသားချင်းစာမှုအကူအညီတွေ ကန့်သတ်မှုမရှိ ချက်ချင်းခွင့်ပြုဖို့ ကုလမဟာမင်းကြီး ပြော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk အား တွေ့ရစဉ်။
UN

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေရပ်ပြီး ယာယီအပစ်ရပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေကို အကောင်အထည်ဖေါ်ဖို့ အကူညီလိုအပ်နေသူတွေဆီ ကယ်ဆယ်ရေးနဲ့ စာနာကူညီမဲ့သူတွေ ကန့်သတ်မှုမရှိ ချက်ခြင်းသွားခွင့်ပေးရမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ကပြောကြားပါတယ်။

မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာလည်း ရှိနေပြီး ငလျင်ဒဏ်ကြောင့် သူတို့ဘာဖြစ်နေကြသလဲဆိုတာလည်း မသိရပါဘူး။ သူတို့ကို ချက်ခြင်းလွှတ်ပေးသင့်တယ် လို့ ဆိုပါတယ်။

မြန်မာပြည်သူတွေထံ နိုင်ငံတကာကပေးတဲ့ အကူညီတွေကို နိုင်ငံတကာအဖွဲ့စည်းတွေ ဒေသခံ လူမှုအဖွဲ့တွေကတဆင့် ပေးခွင့်ရဖို့ အလွန်အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ပိုင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေအပါအဝင် စစ်ဆင်ရေးတွေ ဆက်လုပ်နေကြောင်း အစီရင်ခံစာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်သင့်ဒေသတွေမှာ လေယာဉ်နဲ့ ဒရုန်းတွေ၊ အမြောက်တွေနဲ့ ပါရာမော်တာတွေ အပါအဝင် တိုက်ခိုက်မှု အနည်းဆုံး ၅၃ ကြိမ် ရှိခဲ့ပြီး၊ ယာယီအပစ်အခတ်ရပ်စဲရေး အသက်ဝင်ကြောင်း ကြေညာတဲ့ ဧပြီ ၂ ရက်နေ့က စပြီး စစ်ကောင်စီက တိုက်ခိုက်မှု ၁၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တဲ့ အစီရင်ခံစာ ရရှိခဲ့တယ်လို့ လည်းပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်နေတဲ့ လူငယ်တွေကိုလည်း အတင်းအဓမ္မ စစ်သားစုဆောင်းတာတွေ လုပ်ခဲ့ကြောင်း အစီရင်ခံစာမှာ ပါရှိတယ်လို့ ဆိုပါတယ်။

မြေပြင်က သတင်းရင်းမြစ်တွေအရ ငလျင်ဒဏ်သင့်ဒေသတွေ အထူးသဖြင့် စစ်တပ်ရဲ့ ထိန်းချုပ်မှု၊ ပြင်ပ ကယ်ဆယ်ရေး ဝင်ရောက်နိုင်ခြင်းမရှိတာနဲ့ သန့်ရှင်းတဲ့ ရေ၊ အစားအစာ၊ ဆေးဝါး ပြတ်လပ်မှုတွေ ရင်ဆိုင်နေရကြောင်း၊ အာဏာသိမ်းပြီး လေးနှစ်အကြာ စစ်တပ်ရဲ့အကြမ်းဖက်မှုဒဏ် ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ ဒုက္ခ ပိုတိုးလာစေတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီအနေနဲ့  စစ်ဆင်ရေးတွေရပ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဖို့ လိုအပ်ကြောင်း နဲ့ ဒီဆိုးရွားလှတဲ့ ကပ်ဘေးကနေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြှင့်တင်ပေးမဲ့တိုင်းပြည်အတွက် အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။