ငလျင်ဒဏ်သင့်အဆောက်အအုံတွေ ဖြိုဖျက်ခစရိတ်ကြီးလို့ အခက်တွေ့နေ

RFA Burmese
2025.04.10
ငလျင်ဒဏ်သင့်အဆောက်အအုံတွေ ဖြိုဖျက်ခစရိတ်ကြီးလို့ အခက်တွေ့နေ နေပြည်တော်ကောင်စီနယ်မြေ ပျဥ်းမနာမြို့က ငလျင်ကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုအား အလှူရှင်များ၏အကူအညီဖြင့် ဖြိုဖျက်နေသည်ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ကတွေ့ရစဉ်။
Myo Tayzar Maung

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးပြီး နေထိုင်လို့မရတော့တဲ့ အဆောက်အဦတွေအတွက် ဖြိုဖျက်ခအဆမတန်တောင်းဆိုတာတွေ ရှိနေပါတယ်။ အဆောက်အအုံ အကြီးအသေး၊ အထပ်အနိမ့်အမြင့်အပေါ် မူတည်ပြီး တောင်းခံတာလို့ ဆိုပါတယ်။

"ကိုယ့်ဟာနဲ့ကိုယ်ဖျက်ဖို့ကလည်း ယန္တရားခတွေများတဲ့အခါကျတော့ မငှားနိုင်ဘူး။ ဒီအတိုင်းငုတ်တုတ်ထိုင် နေကြရတာ။"

ငလျင်ဒဏ်သင့်လို့ ဒုက္ခရောက်ပြီး ဖြိုဖျက်ခစရိတ်မတတ်နိုင်တဲ့သူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီပေးသင့်တယ်လို့ ငလျင်ဘေး ကူညီကယ်ဆယ်ရေး လုပ်နေတဲ့သူတွေက RFA ကိုပြောပါတယ်။
ငလျင်ဗဟိုချက်နဲ့ အနီးဆုံးနေရာက စစ်ကိုင်းဒေသခံလည်းဖြစ်၊ ငလျင်ဘေးကူညီကယ်ဆယ်ရေး လုပ်နေတဲ့ သူလည်းဖြစ်တဲ့ လုံခြံရေးအရအမည်မဖော်လိုသူ ပရဟိတသမားတစ်ဦးက ငလျင်ဒဏ်ကြောင့် ထိခိုက်သွားတဲ့ အဆောက်အဦး ဖြိုဖျက်ခကိုအကြောင်းပြပြီး ငလျင်ဘေးသင့်သူတွေဆီက စီးပွားရေးဆန်ဆန် အမြတ်မထုတ် သင့် ဘူးလို့ RFA ကိုပြောပါတယ်။

"ကိုယ့်ဟာနဲ့ကိုယ်ဖျက်ဖို့ကလည်း ယန္တရားခတွေများတဲ့အခါကျတော့ မငှားနိုင်ဘူး။ ဒီအတိုင်းငုတ်တုတ်ထိုင်နေကြရတာ။ တစ်ဝက်တပျက်ပြိုတဲ့ဟာတွေမှာ နေစရာကမရှိ။ ပြိုကလည်းမပြို။ ဖြိုချမယ်ဆိုရင် ယန္တရား ခတွေကစျေးကြီး၊ အဲလိုတွေဖြစ်နေတာ။ ယန္တရားကြီးငှားပြီးတော့မှ စီးပွားရေဆန်ဆန်လုပ်နေတာမျိုးက မကောင်းဘူးပေါ့။ အဲလိုမျိုးကျ စည်ပင်တို့ဘာတို့ပေါ့နော် သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ အတက်နိုင်ဆုံး ကူညီပေးရင်တော့ ပိုကောင်းတာပေါ့။ မိတ်ဖက်နိုင်ငံတွေ လှူထားတာလည်းအများကြီးလေ။ ပြန်ပြီးတော့ ဆောက်ဖို့ကတော့ သူတို့အပိုင်းပေါ့နော်။ ဖျက်တာဖြိုတာလေးက စရိတ်စခများနေတဲ့အခါကျတော့ ကူညီ ပေးရင်တော့ ပိုကောင်းတာပေါ့။ မဟုတ်လို့ရှိရင် သူတို့ကမိုးရွာရင် နေစရာကမရှိဘူး။ အဲလိုမျိုးတွေဖြစ်နေတာ။ ဒါကြီးကိုဖျက်ဖို့ကလည်း ကုန်ကျစရိတ်ကမရှိဘူး။ အဲလိုတွေဖြစ်နေကြတာလေ"

"အဆောက်အဦအကြီးအသေးပေါ်မူတည်ပြီး ငါးရာ၊ တစ်ထောင်ယူတယ်။"

မန္တလေးမှာလည်း ငလျင်ဒဏ်သင့်အဆောက်အအုံဖြိုဖျက်ခကို ကျပ်သိန်း ငါးရာကနေ ကျပ်သိန်း တစ်ထောင်အထိ တောင်းတဲ့သူတွေရှိသလို အခမဲ့ကူညီပေးတဲ့သူတွေလည်း ရှိတယ်လို့ ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မန္တလေးက ဒေသခံတစ်ဦးကပြောပါတယ်။

"အိမ်အကြီးအသေး၊ အဆောက်အဦအကြီးအသေးပေါ်မူတည်ပြီး ငါးရာ၊ တစ်ထောင်ယူတယ်ပြောတယ်။ အခမဲ့ဖျက်ပေးမယ်၊ ထွက်လာတဲ့ သံတို့ဘာတို့ပေါ့နော် ပြန်အသုံးပြုလို့ရတဲ့ဟာကို ဖျက်ပေးဖြိုပေးတဲ့ သူကယူတာပေါ့၊ အဲလိုနှစ်မျိုးနှစ်စားကြားတယ်။ နောက်တစ်စားကျတော့ အခမဲ့လိုက်ဖျက်ပေးတယ်။ ပရဟိတတွေလိုက်ဖျက်ပေးတယ်။ အိမ်ရှင်ကြည်ဖြူသလောက်၊ သဒ္ဓါသလောက် ပဲယူတာပေါ့နော်"

ငလျင်ဒဏ်ကြောင့် ထိခိုက်သွားတဲ့ အဆောက်အဦတွေ ဖြိုဖျက်ရမဲ့ မူဝါဒနဲ့ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့တွေက ပွင့်ပွင့်လင်းလင်း ထုတ်ပြန်သင့်တယ်လို့ သူကပြောပါတယ်။

နေပြည်တော်၊ ပျဉ်းမနားမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်သွားတဲ့ အဆောက်အဦတွေကို ကိုယ်တိုင်ဦးဆောင်ပြီး အခမဲ့ ဖြိုဖျက်ပေးနေတဲ့သူတစ်ဦးကတော့ ဖြိုဖျက်ခအတွက် အခကြေးငွေယူတာ လုံးဝမရှိသလို ဖြိုဖျက်ရာမှာ သုံးဖို့ စက်သုံးဆီအလှူရှင်တွေလည်း ရှိတယ်လို့ ပြောပါတယ်။

"နေပြည်တော် ပျဉ်းမနားအခြေအနေကတော့ ဖြိုဖျက်ခလုံးဝမကုန်ဘူး။ ကျွန်တော်တို့နယ်ခံတွေက ဘက်ဖိုးတွေ၊ စက်တွေစီစဉ်ထားတယ်။ ဆီလည်း အလှူရှင်တွေရှိတယ်။ တကယ်လို့ဖျက်တဲ့အိမ်က လှူချင်ရင် သူနှစ်သက်သလို လှူလို့ရတယ်။ မလှူလည်းဘာမှမဖြစ်ဘူး။ မရှိတဲ့အိမ် လုံးဝမယူဘူး၊ ကျွန်တော်တို့အခမဲ့လိုက်ဖြိုဖျက်ပေးတယ်။ ဖြိုဖျက်ထားတဲ့အပုံကိုပါ ကျွန်တော်တို့က ရှင်းပေးတယ်။ ရှင်းသွားတဲ့အုတ်ကျိုးအုတ်ပဲ့တွေကို ထားဖို့နေရာကိုလည်း အာဏာပိုင်တွေက နေရာကိုစီစဉ်ပေးတယ်။ အဲဒီကို ကျွန်တော်တို့ဖို့တယ်။ အဲဒါသတင်းအမှားဗျ၊ ပျဉ်းမနားမှာတော့လုံးဝမဟုတ်ဘူး၊ တခြားမြို့မှာတော့ ပြောမရဘူးနော်"


ဆက်နွှယ်သော သတင်းများ

ငလျင်ကာလတစ်ပတ်ကြာအထိ ရှာဖွေကယ်ဆယ်ရေးအပြည့်အဝမရနိုင်သေး
စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် ငလျင်ဘေး ကူညီရေးအဖွဲ့အချို့ လုပ်ငန်းရပ်ဆိုင်းရနိုင်
ငလျင်ကြောင့် အကြီးအကျယ်ထိခိုက်သွားတဲ့ စစ်ကိုင်းမြို့


ငလျင်ဒဏ်ကြောင့် ထိခိုက်သွားတဲ့ အဆောက်အဦးတွေ ဖြိုဖျက်ချင်တယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်အလိုက် စည်ပင်သာယာကို ဖြိုဖျက်လိုကြောင်း တရားဝင်စာတင်ပြီးမှ သူတို့အဖွဲ့က အိမ်ရှင်နဲ့တိုင်ပြီး ဖြိုဖျက်ပေးတာလို့ သူက ပြောပါတယ်။

"ကျွန်တော်တို့မနက်ကတင် ထွေအုပ်ရုံးမှာအစည်းဝေးလုပ်တာ။ ကျွန်တော်တို့ဆီမှာ ဘယ်သူတွေပါလဲဆိုတော့ လျှပ်စစ်ကော၊ စည်ပင်ကော တွဲထည့်ပေးထားတယ်။ စည်ပင်ကိုသွားတင်ရတယ်။ တင်ပြီးတာနဲ့ရတယ်။ ပြန်ကျတဲ့လုပ်ငန်းစဉ်က သူတို့ဘာသာသွားနေလိမ့်မယ်။ တင်ပြီးတဲ့စာရင်းကျွန်တော်တို့ကို ပို့ပေးတယ်။ အဲဒီတင်ပြီးတဲ့စာရင်းအတိုင်း အိမ်ရှင်ရှိရင် အားလုံးရှင်းလို့ရပါတယ်ဗျ"

စက်ယန္တရားအကြီးစားတွေနဲ့ ဖြိုဖျက် လုပ်ဆောင်တာကြောင့် အနီးနားက အဆောက်အအုံတွေ ထိခိုက် နိုင်တဲ့အတွက် ဖြိုဖျက်မဲ့သူတွေအနေနဲ့ ဘေးပတ်ဝန်းကျင် အိမ်ရှင်တွေရဲ့ သဘောတူညီချက်ရဖို့လိုအပ်တယ်လို့လည်း သူကပြောပါတယ်။

Sagaing_1.jpg
စစ်ကိုင်းမြို့မှာ မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အိမ်တစ်အိမ်ကို ၂၀၂၅၊ ဧပြီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လုံခြုံရေးအရအမည်မဖော်လိုတဲ့ မန္တလေးက ငလျင်ဘေးကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကတော့ ငလျင်ဒဏ်ကြောင့်ထိခိုက်သွားတဲ့ အဆောက်အဦတွေကို ကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ပြီး လုပ်လို့မရသလို စစ်ကောင်စီအဖွဲ့စစ်ဆေးပြီးတဲ့နောက်ပိုင်းမှ ပြင်ဆင်၊ဖြိုဖျက်တာတွေကို ဆက်လုပ်ရမှာဖြစ်တယ်လို့ ပြောပါ တယ်။

"ပြိုသွားတာ လုံးလုံးပြိုသွားတာလဲ ရှိတယ်။ မပြိုဘဲနဲ့ လုံးလုံးရွဲ့စောင်းနေတာလည်း ရှိတယ်။ တချို့ကလည်း မပြိုဘဲနဲ့ အက်ကွဲတာတွေရှိတယ်။ အဲဒီတော့ အာဏာပိုင်အဖွဲ့အစည်းတွေက ဘယ်လိုပြောလဲဆိုတော့ သူတို့ မြေပြင်ကိုဆင်းပြီး စစ်ပေးမယ်ပြောတယ်။ အန္တရာယ်ရှိတယ်ဆိုရင် ဖြိုရမယ်။ အကြီးစားပြင်ဆင်မှုလုပ်ရ မယ်ဆိုလို့ရှိရင် အကြီးစားပြင်ဆင်မှုလုပ်၊ အသေးစား ပြင်ဆင်မှုလုပ်ရမယ်ဆိုရင် အသေးစားပြင်ဆင်မှု လုပ်၊ အဲလိုမျိုးလုပ်ပြီးမှ တရားဝင်စစ်ပေးမယ်လို့ ပြောတယ်ဗျ"

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ နေပြည်တော် ၊မန္တလေးနဲ့ ရန်ကုန်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကို RFA က တယ်လီဖုန်း ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအား ၇.၇ အဆင့်ရှိ မြေငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ပဲခူးမြို့နယ်က နေအိမ် စုစုပေါင်း ၂၈,၄၄၇ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ ၃ သန်း ၃ သိန်းနီးပါး ငလျင်ဒဏ် ခံခဲ့ရတယ်လို့ ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ပါ တယ်။

ဒါ့အပြင် စစ်ကောင်စီကလည်း ပြင်းထန်းတဲ့ငလျင်ကြောင့် လူနေအိမ်ပေါင်း ၄၈၈၃၄ အိမ်၊ ဘုန်းတော်ကြီး ကျောင်းနဲ့ သီလရှင်ကျောင်း ၃၀၉၄ ကျောင်း၊ စာသင်ကျောင်း ၂၀၄၅ ကျောင်း၊ ဌာနဆိုင်ရာရုံး၊အဆောက်အအုံ ၂၁၇၁ လုံး၊ တံတား ၁၄၈ စင်း၊ ဘုရားစေတီ ၅၂၇၅ ဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဧပြီလ ၉ ရက်နေ့မှာ ဖော်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။