ငလျင်ကြောင့် အကြီးအကျယ်ထိခိုက်သွားတဲ့ စစ်ကိုင်းမြို့
2025.04.07

ငလျင်ကြောင့် စစ်ကိုင်းမြို့ဟာ အရာရာပျက်စီးသွားပါပြီ။ အဆောက်အအုံအများအပြား ပြိုလဲခဲ့သလို ချက်ချင်းဆိုသလို လူသောင်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားပါတယ်။
လူသေအနံ့တွေနဲ့ အဆောက်အအုံပျက်တွေကြား မျော်လင့်ချက်မဲ့နေတဲ့ ပြည်သူတွေကိုလည်း တွေ့ရပါတယ်။
မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ ဆုံးရှုံးလို့ ကိုယ့်ကိုယ်ကို အပြစ်တင်နေသူတွေရှိသလို စစ်ကောင်စီကို အပြစ်တင် နေသူတွေလည်း ရှိပါတယ်။
"စကစနေပြီးတော့ အချိန်မီကူညီမယ်ဆိုရင် လူတွေရဲ့အသက်တွေ ရှင်နိုင်တယ်ပေါ့လေ။"
ဒီငလျင်ထဲ မိတ်ဆွေအများအပြား အသက်ဆုံးရှုံးလိုက်ရသူတစ်ဦးက စစ်ကောင်စီဟာ ငလျင်လှုပ်ပြီးချိန်မှာ အချိန်မီကယ်ဆယ်ရေး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
"စကစနေပြီးတော့ အချိန်မီကူညီမယ်ဆိုရင် လူတွေရဲ့အသက်တွေ ရှင်နိုင်တယ်ပေါ့လေ။ အခုဟာက အချိန်မီ လည်းမကူညီဘူး။ ယန္တရားပိုင်းဆိုင်ရာ၊ ပစ္စည်းပိုင်းဆိုင်ရာ ဘာမှ အကူညီမရှိတဲ့အခါကျတော့ မသေသင့်ဘဲနဲ့ လူတွေအသက်ပေါင်းမြောက်များစွာ သေလိုက်ရတယ်ပေါ့လေ။ ဒါကလည်း စစ်ကောင်စီရဲ့ ပေါ့လျော့မှုနဲ့ ဂရုမစိုက်မှုတွေအများကြီးကြောင့်လည်း အများကြီးသေကုန်ကြတယ်လို့ ကျွန်တော်က ယူဆပါတယ်"
စစ်ကောင်စီရဲ့ စာရင်းတွေမှာ ငလျင်ကြောင့် စစ်ကိုင်းမြို့မှာ သေဆုံးသူ ငါးရာဝန်းကျင်ရှိတယ်လို့ ဖော်ပြပေမဲ့ ကယ်ဆယ်ရေးသမားတွေနဲ့ ဒေသခံတွေကတော့ လူတစ်ထောင်ကျော်သေဆုံးတယ်လို့ ခန့်မှန်းပါတယ်။
ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဗလီနဲ့ စာသင်ကျောင်းတွေအပါအဝင် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့နေရာအများအပြားရှိပါတယ်။
ဆက်နွှယ်သော သတင်းများ
ငလျင်ကြောင့် သေဆုံးသူ ၃၅၀၀ ကျော်ရှိလာ
ငလျင်ကြောင့် နေအိမ် ၃ သောင်းနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း NUG ထုတ်ပြန်
ငလျင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ခွင့်ပြုချက်တောင်းခံရမယ်လို့ ဒုစစ်ခေါင်းဆောင်ပြော
စစ်ကိုင်းမြို့ ပါရမီရပ်ကွက် သုတေသကသီလရှင်စာသင်တိုက်မှာ အထပ်မြင့်ကျောင်းဆောင်နှစ်ခု ပြိုကျပြီး သီလရှင်၁၄ပါး အသက်ဆုံးရှုံးခဲ့တယ်လို့ လက်ထောက်ဆရာလေး ဒေါ်သဉ္ဇာရီက မိန့်ပါတယ်။
"ဒီကျောင်းမှာက ဆရာလေးအပါးရေ ၅၄ ပါး သတင်းသုံးတယ်။ ပျံလွန်တော် မူသွားတာက ၁၄ ပါး။ သက်ရှိထင်ရှားရှိနေတာက အပါး ၄၀ ရှိပါတယ်။ ၄၀ ထဲက ၃ ပါးက ဒဏ်ရာရရှိထားတယ်။ တစ်ပါး ခြေထောက်ဖြတ်လိုက်ရတယ်။ တစ်ပါးက ခါးထိသွားတယ်။ အကြီးဆုံးတစ်ပါးက ရန်ကုန်ပြည်သူ့ဆေးရုံမှာ ဆေးကသမှု ခံယူနေတယ်"
သုတေသကသီလရှင်စာသင်တိုက်ဟာ တိုင်းရင်းသူ မိဘမဲ့ကလေးတွေကို လက်ခံထားစောင့်ရှောက်ထားတာပါ။
စစ်ကိုင်းမြို့ဟာ ငလျင်ကြောင့် ၉၀ ရာခိုင်နှုန်းပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ဒေသခံတွေအတွက် နေစရာ အခက်အခဲတွေရှိနေပါတယ်။
စစ်ကိုင်းမြို့ခံ ဒေါ်စန်းစန်းဝေကတော့ သူ့အိမ်ထဲ မိသားစုဆယ်ခုလောက်ကို ခေါ်ယူစောင့်ရှောက်ထားတယ်လို့ ပြောပြပါတယ်။
"သူတို့တွေကို ဆွဲထုတ်တာတွေ၊ အော်သံ ဟစ်သံတွေ အကုန်ကြားနေရတာ ကယ်ပါယူပါပေါ့၊ အဲလိုမျိုးတွေပေါ့။ စေတနာမေတ္တာအပြည့်နဲ့ ရေထမင်းဘာညာအကုန်ကျွေးထားတာပါ။ တတ်နိုင်တဲ့ဟာပေါ့လေ"
ဒါ့အပြင် ရှေးဟောင်းအဆောက်အအုံတွေ အပါဝင် ဘုရား၊ကျောင်း၊ကန်၊ စေတီ ပုထိုးအများစုဟာ ငလျင်ဒဏ် ကြောင့် ပျက်စီးခဲ့ရတာပါ။
လက်ရှိမှာတော့ စစ်ကိုင်းမြို့ခံတွေဟာ ပျက်စီးသွားတာတွေကို ပြန်လည်ထူထောင်ဖို့ထက် ဒီနေ့ ရှေ့ဆက်ဘယ်လို ရှင်သန်ရမလဲဆိုတာကို ပူပန်နေရတယ်လို့ ပြောကြပါတယ်။