ရန်ကုန်မှာ စာရေးဆရာတွေစုပြီး ငလျင်ဘေးကူဖို့ စာအုပ်ရောင်းချ
2025.04.07

ငလျင်ဘေးသင့်ပြည်သူတွေကိုကူညီဖို့ ရန်ကုန်မြို့က လူစည်ကားရာနေရာမှာ စာရေးဆရာတွေ ကြိုးပမ်းနေကြတာပါ။ ဒါကတော့ စာအုပ်တွေကို ကြိုက်သလောက်ယူ ကြိုက်သလောက်လှူ အစီအစဉ်နဲ့ ရန်ပုံငွေ ရှာနေကြတာလည်းဖြစ်ပါတယ်။
စာရေးဆရာတွေရဲ့ စာကြည့်စားပွဲတွေပေါ်က စာအုပ်တွေကိုစုစည်းပြီး ဒီအစီအစဉ်ကိုလုပ်ဆောင်နေတာလို့ ရန်ပုံငွေရှာဖွေရေးဦးဆောင်သူတစ်ဦးဖြစ်တဲ့ စာရေးဆရာ လင်းလက်ကျော်က RFA ကို ပြောပါတယ်။
“ဒီကြိုက်သလောက်ယူ၊ ကြိုက်သလောက်လှူဆိုတဲ့ အစီအစဉ်လေးကတော့ ကျွန်တော်တစ်ယောက်တည်းနဲ့လည်း မရပါဘူးခင်ဗျာ။ အဲဒီတော့ ကျွန်တော်နဲ့အတူ ရန်ကုန်မြို့မှာရှိတဲ့ စာရေးဆရာ၊ ဆရာမတွေအားလုံးရဲ့ စာကြည့်စားပွဲလေးတွေကနေ စာအုပ်စင်လေးတွေကနေပြီးတော့ စာအုပ်အဟောင်းထဲက အကောင်းလေးတွေ တနိုင်လေးတွေယူလာရင်းနဲ့မှ ဒီလိုစာအုပ်လေးတွေ စုစည်းမိပြီးတော့မှ ကျွန်တော်တို့ စာအုပ်လေးတွေကို သင့်သလောက်စျေးနဲ့ မသတ်မှတ်ဘဲနဲ့ ကြိုက်သလောက်ယူပါ။ စေတနာရှိသလောက်ပဲပြန်လှူပါ။ ငလျင်ဘေးအတွက် အလှူဖြစ်ပါတယ်ဆိုပြီးတော့ အဲဒီခေါင်းစဉ်လေးနဲ့ စတင်လှုပ်ရှားမိတာပဲ ဖြစ်ပါတယ်ခင်ဗျာ”
ငလျင်ဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမယ့်စာအုပ်အရောင်းပွဲကို ဧပြီ ၃ ရက်ကနေ ၈ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ရရှိတဲ့အလှူငွေတွေကို နာရေးကူညီမှုအသင်းကို ဆက်သွယ်လှူဒါန်းသွားမယ်လို့လည်း ဆိုပါတယ်။
"အခုဒုက္ခရောက်နေတဲ့ အများပြည်သူတွေကိုလည်း ကျွန်တော်ပြောပြချင်တာက အားမငယ်ပါနဲ့လို့။ အခုဖြစ်နေတဲ့ အများပြည်သူတွေရဲ့ဘေးမှာ ကျွန်တော်တို့တွေလည်း အများကြီးရှိနေပါသေးတယ်။"
ဒီစာအုပ်အရောင်းပွဲကို စာရေးဆရာနဲ့ ဆရာမတွေအပြင် အနုပညာအသိုင်းအဝိုင်းကပါ အင်အားဖြည့်ကူညီပေးနေတယ်လို့ စေတနာ့ဝန်ထမ်းအဖြစ်လုပ်နေတဲ့ အသက် ၂၉ နှစ်အရွယ် ကိုဗီဗီကိုကို က ပြောပါတယ်။
“၃၃ လမ်းနဲ့ အနော်ရထားလမ်းမှာဆိုရင်လည်း ကျွန်တော်တို့ စာရေးဆရာမတွေ ကိုယ်တိုင်ရော၊ ဒီဒါရိုက်တာတွေရော၊ ရုပ်ရှင်နဲ့ သရုပ်ဆောင် ဒီဒါရိုက်တာတွေရော တခြား Artists တွေ အများကြီးလာပြီးတော့ ပါဝင်ကူညီ အားဖြည့်တာကိုလည်း တွေ့ရပါတယ်ခင်ဗျ။ အခုဒုက္ခရောက်နေတဲ့ အများပြည်သူတွေကိုလည်း ကျွန်တော်ပြောပြချင်တာက အားမငယ်ပါနဲ့လို့။ အခုဖြစ်နေတဲ့ အများပြည်သူတွေရဲ့ဘေးမှာ ကျွန်တော်တို့တွေလည်း အများကြီးရှိနေပါသေးတယ်ဆိုတာကို ကျွန်တော် ဒီကနေပြီးတော့ ပြောချင်ပါတယ်ခင်ဗျ”

ငလျင်ဘေးအတွက် စာရေးဆရာတွေစုပြီး လှူဒါန်းဖို့ကြိုးစားတာဟာ စာပေသမားအချင်းချင်းကြားမှာပါ စည်းလုံးညီညွတ်မှုတွေဖြစ်စေတယ်လို့ အသက် ၃၃ နှစ်အရွယ် စာရေးဆရာ နောင်ရိုးသစ်က ပြောပါတယ်။
“ ဆရာလင်းလက်ကျော်တို့နဲ့ကျတော့လည်း နဂိုကတည်းက သိနေတာပေါ့နော်။ ဒီလိုစာအုပ်လေးတွေကို သူရောင်းပြီးတော့ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ရံပုံငွေရှာမယ်ဆိုတော့ သူ့အစီအစဉ်လေးလည်း ကောင်းတယ်ဆိုပြီးတော့ နောက်နေ့လည်းကျရော ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီးတော့ လူကိုယ်တိုင်လည်း ကိုယ်တိုင်ကိုယ်ကျစာအုပ်တွေလည်း ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီးတော့ ဒါလှူတယ်ပေါ့။ အားဖြည့်တာပေါ့။ အရမ်းပိတိဖြစ်လွန်း တယ်ပေါ့။ ဒါကဘာလို့လဲဆိုတော့ တစ်သက်နဲ့တစ်ကိုယ်မှာ ဒီလိုစာပေအချင်းချင်း စည်းလုံးညီညွတ်မှုလည်းတွေ့ရတယ်ပေါ့”
ဆက်နွှယ်သော သတင်းများ
ငလျင်ကြောင့် သေဆုံးသူ ၃၅၀၀ ကျော်ရှိလာ
ငလျင်ကာလတစ်ပတ်ကြာအထိ ရှာဖွေကယ်ဆယ်ရေးအပြည့်အဝမရနိုင်သေး
ငလျင်ဘေးသင့်သူတွေကို ကူညီဖို့ ရန်ကုန်က လူငယ်တွေ ကြိုးပမ်းနေ
ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ကူညီဖို့ ကြိုက်သလောက်ယူ ကြိုက်သလောက်လှူ စာအုပ်ရောင်းချတဲ့အစီအစဉ်မှာ ဝယ်ယူလှူဒါန်းကြဖို့လည်း ကိုယ်တိုင်ဝယ်ယူအားပေးခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ကိုအောင်လွင်လွင်စိုးက ပြောပါတယ်။
“စာအုပ်တွေ လာဝယ်ကြပါလို့ပြောချင်ပါတယ်ဗျ။ ဘာလို့လည်းဆိုရင် ငလျင်မှာနေပြီးရင် ဝိုင်းဝန်းကူညီဖို့အတွက်မဟုတ်ဘူးလား။ ဒီကနေပြီးရင် ငလျင်ဒဏ်ခံရတဲ့လူတွေအတွက် ဝိုင်းဝန်းကူညီဖို့ဖြစ်တဲ့အတွက် လည်း နေပြီးရင်လာဝယ်ကြဖို့ ဖိတ်ခေါ်ပါတယ်”
ငလျင်ဘေးအတွက် စာအုပ်ရောင်းချပြီး ရံပုံငွေရှာဖွေတာကို ဧပြီ ၃ ရက်နဲ့ ၄ ရက်နေ့က ရန်ကုန်မြို့လယ်က ၃၄ လမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ ရောင်းချခဲ့တာပါ။ ဧပြီ ၅ ရက်နေ့မှာတော့ လှည်းတန်းစင်တာရှေ့မှာ ရောင်းချခဲ့ပြီး ဧပြီ ၆ ရက်နေ့မှာတော့ မြေနီကုန်းနဲ့ ဧပြီ ၇ ရက်နဲ့ ၈ ရက်နေ့မှာတော့ ၃၄လမ်းနဲ့ အနော်ရထာ လမ်းထောင့်မှာ ပြန်လည် ရောင်းချမှာဖြစ်တယ်လို့ ဆိုပါတယ်။