အိမ်ပြန်ဖို့ အလှမ်းဝေးနေတဲ့ စစ်တွေက စစ်ရှောင်များ

RFA Burmese
2025.04.29
အိမ်ပြန်ဖို့ အလှမ်းဝေးနေတဲ့ စစ်တွေက စစ်ရှောင်များ အခြေခံစားကုန်တစ်ချို့ကို တွန်းလှည်းပေါ်တင်ပြီး ဈေးရောင်းနေသည့် မဇင်နွယ်ဦးအား တွေ့ရစဉ်။
Photo: RFA

ဟင်းသီး၊ ဟင်းရွက်‌တွေနဲ့ အခြေခံစား‌ကုန်တချို့ကို တွန်းလှည်းပေါ်တင်ပြီး ရွာထဲလှည့်ပတ် ဈေးရောင်း နေသူကတော့ အသက် (၂၆)နှစ်အရွယ် မဇင်နွယ်ဦးပါ။

သူကတော့ စစ်တွေမြို့နယ် မောင်နီပြင်ကျေးရွာကပါ။ သူ့ရဲ့ ရည်မှန်းချက်က ဝါသနာပါတဲ့ စက်ခြုပ်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ပါ။ ဒါပေမဲ့ ဒေသတွင်းမှာဖြစ်ပွားလာတဲ့ စစ်ပွဲတွေက သူ့ကို စျေးသည်တစ်ယောက်ဖြစ်အောင် တွန်းပို့ခဲ့ပါတယ်။

အခုဆိုရင် မဇင်နွယ်ဦးတို့သားမိနှစ်ယောက် ဘူးသီးတောင်မြို့နယ်က ကျေးရွာတစ်ရွာကို ထွက်ပြေးတိမ်းရှောင် လာတာ အချိန် တစ်နှစ်ကျော်ရှိခဲ့ပါပြီ။

"၂၀၂၄ သုံးလပိုင်းဆန်းကတည်းက နေရထိုင်ရတာတွေက ကျပ်တည်းလာတယ်။ ဗုံးသံ၊လက်နက်သံတွေ အများကြီးကြားရပါတယ်။ ထွက်ပြေးလာတုန်းကလည်း အရမ်းအခက်အခဲအကျပ်အတည်းနဲ့ ပြေးလာရ တာပါ။ ဒီကိုရောက်စတုန်းက ဘာလုပ်စားရမှန်းမသိသေးဘူး။ အခုတော့ ဈေးရောင်းလို့စားပါတယ်။ အရင်တုန်းက ဒီလိုတော့မလုပ်ဖူးပါ။ စစ်ဘေးရှောင်လာပြီးမှ လုပ်ဖူးတာလေ"

စစ်တွေမှာနေထိုင်ခဲ့စဉ်က သူ့မိခင်က စစ်တွေမြို့မစျေးမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ စျေးသည် တစ်ယောက် ပါ။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ စစ်တွေမြို့မစျေးထဲကို လက်နက်ကြီးကျလို့ လူအများအပြားသေဆုံး ဒဏ်ရာရခဲ့ ပြီးနောက် စျေးရောင်းတဲ့အလုပ်ကိုရပ်နားခဲ့ပါတယ်။ အဲဒီနောက် မြို့အနီးအနားမှာ တဖြည်းဖြည်း ပိုဆိုးလာနေတဲ့ စစ်ရေးအခြေအနေကြောင့် သားမိနှစ်ယောက် စစ်တွေကနေထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အခြေခံစားကုန်တစ်ချို့ကို တွန်းလှည်းပေါ်တင်ပြီးဈေးရောင်းနေသည့် မဇင်နွယ်ဦးကို တွေ့ရစဉ်။ ( RFA )
အခြေခံစားကုန်တစ်ချို့ကို တွန်းလှည်းပေါ်တင်ပြီးဈေးရောင်းနေသည့် မဇင်နွယ်ဦးကို တွေ့ရစဉ်။ ( RFA )

သူဝါသနာပါတဲ့ စက်ခြုပ်ပညာကိုသင်ယူနေတဲ့အချိန်မှာ နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့အတွက် ပိုပြီးခံစားရတယ်လို့ မဇင်နွယ်ဦးက ပြောပြပါတယ်။

"အခုဘယ်လိုတက်လှမ်းလို့ရမလဲဆိုတာ ဘယ်လိုမှစဉ်းစားလို့မရဘူး။ အဆက်အသွယ်တွေကလည်း အားလုံး ပြတ်လို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ဝါသနာကတော့ စက်ချုပ်တာဝါသနာပါတယ်။ ဒီလိုတော့ မဖြတ်သန်း ချင်ဘူး။ ဈေးရောင်းရတာက ပိုပြီးခက်ခဲတယ်လေ။ ရွာပတ်လို့ရောင်းရတာဆိုရင် အရမ်းပင်ပန်းတယ်။ ဒီအချိန်က အရမ်းမုန်းဖို့ကောင်းတဲ့အချိန်‌ပေါ့လေ။ အရမ်းခံစားရတယ်"

အလုပ်အကိုင် အခွင့်အလမ်းနည်းပါးတဲ့ ကျေးလက်ဒေသမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ ဖြတ်သန်းနေရတာ အချိန်ကြာလာလေလေ သူ့သမီးရဲ့ အနာဂတ်အရေးအတွက် ရတက်မအေးဖြစ်ရလေလေပဲလို့ အသက် ၅၄ နှစ်အရွယ် မဇင်နွယ်ဦးရဲ့ မိခင် ဒေါ်မစိန်ဖြူက ပြောပါတယ်။

"စစ်တွေမှာဆိုရင် ကိုယ့်မှာ ဟင်းဝယ်ပြီးသွားရောင်းရင်လည်း အဆင်ပြေတယ်။ လက်လုပ်လက်စားဆိုပေမဲ့ အခုသွားရောင်းရင် အခုအမြတ်ကိုလည်းမြင်ရတယ်။ အရင်းကိုလည်းမြင်ရတယ်။ ဒီမှာက တစ်ကျပ်၊ နှစ်ကျပ် ရှိရင် တစ်ကျပ်နှစ်ကျပ် ရင်းနှီးထားရသေးတယ်။ ဘယ်လောက် အမြတ်ထွက်လာတယ် ဆိုတာလည်းမသိရ။ ကိုယ့်မှာက ဗိုက်ထဲဖြည့်ဖို့ကလိုနေပြီလေ။ ရှေ့ကိုဆက်လို့မနေချင်တော့ဘူး"


ဆက်နွှယ်သော သတင်းများ

အပစ်ရပ်သုံးပတ်အတွင်း ရခိုင်မှာ အကြိမ် ၄၀၀ ကျော်တိုက်ခိုက်ခံရကြောင်း AA ပြော

အပစ်ရပ်ကြေညာချက်ကို စစ်ကောင်စီ ချိုးဖောက်နေကြောင်း AA ပြော

ရခိုင်ပြည်နယ် လူသားချင်းစာနာရေးအစီအစဉ် ဘင်္ဂလားဒေ့ရှ်ကူညီဖို့ စဉ်းစား


တဲအိမ်ကျဉ်းကျဉ်းလေးထဲမှာ ခိုလှုံရင်း ထမင်းနပ်မှန်အောင် ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ မဇင်နွယ်ဦးတို့ သားမိနှစ်ယောက်ရဲ့ အဖြစ်ချင်ဆုံးဆန္ဒကတော့ တိုက်ပွဲတွေအမြန်ပြီးဆုံးပြီး ကိုယ့်အိမ်ကို ပြန်နိုင်ဖို့ပဲဖြစ်တယ်လို့ မဇင်နွယ်ဦးက ပြောပါတယ်။

"ဈေးဆိုလည်း အဲလောက်နေပူနဲ့ မိုးတွင်းမှာလည်း မိုးကြီးလေကြီး လှိုင်းကြီးလည်းသွားရပါတယ်။ မသွား လည်း ကိုယ့်မှာရောင်းစားနေတဲ့အတွက်အဆင်မပြေပါဘူး။ ဒီလိုခက်ခဲတဲ့ အချိန်တွေကို မလိုချင်တော့ပါဘူး။ ဆိုတော့ တိုင်းပြည်အောင်နိုင်သွားရင်ကောင်းမယ်လို့ပဲ တွေးမိတယ်။ တိုင်းပြည်ကိုရသွားလို့ ကိုယ့်အိမ်မှာ ကိုယ်နေရင် ကိုယ့်အလုပ်လေးနဲ့ကိုယ် ရှိမှာပေါ့။ ကိုယ့်အိမ်က ဒီထက်နည်းနည်းတော့ ကြီးပါတယ်။ ဒီမှာက နေရတာတအားခက်ခဲပင်ပန်းတယ်။ အဲဒါကြောင့် နေ့တိုင်းဆိုသလို ညီးတွားမိပါတယ်"

ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) ဟာ နောက်ဆုံးကျန်ရှိနေတဲ့ မြို့နယ်သုံးခုထဲက စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ အင်အားတွေဖြည့်ပြီး နေရာယူလာတာကြောင့် တိုက်ပွဲတွေ ရှိနေတာပါ။

ဒီအတွက် မဇင်နွယ်ဦးတို့လို မြို့နယ်အတွင်း ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း ဒီနေ့အထိ ဘေးလွတ်ကို ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။