စစ်တွေမြို့အနီး လက်နက်ကြီးတိုက်ပွဲ ပြင်းထန်နေ
2025.03.12

ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ အခုရက်ပိုင်းတွေအတွင်း လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက မတ်လ ၁၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေကြောင့် စစ်တွေမြို့အနီး ရွှေမင်းဂံ ရေတပ်စခန်းက စစ်ကောင်စီတပ်သားတချို့ စစ်တွေမြို့အနီး ကျေးတောရွာနဲ့ ဆတ်ရိုးကျတံတားအနီးကို ဆုတ်ခွာသွားတာဖြစ်ပြီး သုံးဆောင်ရွာ စစ်ကြောင်းကတော့ ဗျိုင်းဖြူရွာထဲကို ဆုတ်ခွာသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အဓိကတော့ အဲဒီစခန်းတွေကို AA က လက်နက်ကြီးနဲ့ နေ့တိုင်းလှမ်းပစ်တယ်။ လှမ်းပစ်လို့လည်း ရတဲ့ အခြေအနေမှာ ရှိတာပေါ့။ ရွှေမင်းဂံ ရေတပ်စခန်းမှာဆိုရင် ထမင်းစားနေရင်းလည်း လက်နက်ကြီး လာကျတယ်။ ညဆိုလည်း လက်နက်ကြီးလာကျတယ်လို့ အဲဒီမှာရှိတဲ့ ရဲတွေကပြောတယ်။ အဲဒါကြောင့် မြို့အနားကို ဆုတ်လာ တာပေါ့။ ပြီးတော့ သုံးဆောင်ရွာမှာ အထိုင်ချနေတဲ့ စစ်ကြောင်းကလည်း အခု ဗျိုင်းဖြူရွာအလယ်မှာ ချထားတယ်။ AA က ဝင်သိမ်းတာတော့ မဟုတ်ဘူး။ လက်နက်ကြီးဒဏ်ကို မခံနိုင်လို့ တပ်စိပ်တချို့ ဆုတ်လာတဲ့ သဘောလို့ ထင်ပါတယ်။ အားလုံးတော့ ဆုတ်လာတာ မဟုတ်ဘူး”
မတ်လ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာလည်း AA က စစ်ကောင်စီတပ်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း AA တပ်ဖွဲ့ဝင်တွေရှိနိုင်တယ်လို့ ယူဆတဲ့နေရာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ ဂျက်တိုက်လေယာဉ်တွေ အသုံးပြုပြီး တန်ပြန်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထားပြီး စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် သုံးမြို့နယ်ကို ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သုံးမြို့နယ်ထဲက စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကို ဖေဖော်ဝါရီလကစလို့ AA က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။