စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်
2024.12.23

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့နယ်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နဲ့ ရွှေမင်းဂံ ရေတပ်စခန်း အနီးဝန်းကျင်က ရွာတွေဘက်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက် ၁ နာရီခန့်မှာ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးအလုံး နှစ်ဆယ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေ ရှိနေနိုင်တယ်လို့ ယူဆတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်သွားတာလို့ စစ်တွေဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ည ၁၂ နာရီခွဲလောက်ကနေ ၁နာရီခွဲလောက်အထိ ဂျက်လေယာဉ်နဲ့ ဆက်တိုက် ဗုံးကြဲခဲ့တာ။ ဗုံးအလုံး နှစ်ဆယ်ထက်မနည်းဘူး။ ကျွန်တော် စစ်တွေမြို့ထဲကနေ လှမ်းမြင်ရတယ်။ အဓိကတော့ ဒကစအနောက်ဘက် နေရာတွေနဲ့ ရွှေမင်းဂံရေတပ်စခန်း တစ်ဖက်ကမ်းမှာ ပေါက်ကွဲတာတွေ မြင်ရတယ်။ ပြီးရင် ရွှေမင်းဂံကနေ အတွဲ လိုက်ဒုံးတွေနဲ့လည်း လှမ်းပစ်တယ်။ အဓိကတော့ စစ်တွေမြို့ကို AA က ဝင်တိုက်တော့မယ်ဆိုပြီး သူတို့ သတင်း ရတယ်ထင်တယ်။ ဒါကြောင့် AA တပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့နေရာတွေကို ဗုံးကြဲတာဖြစ်မယ်”
ဗုံးကြဲတိုက်ခိုက်မှုတွေကို မြို့ပေါ်ကနေ လှမ်းမြင်နေရပေမဲ့ ဖုန်းလိုင်းတွေ မရတာကြောင့် ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
စစ်တွေမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးမှုတွေ တိုးလုပ်လာသလို လုံခြုံရေးလည်း တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်သုံးမြို့နယ်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး AA က ၁၃ မြို့နယ်ကို သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။ ကျန်တစ်မြို့နယ်ဖြစ်တဲ့ ဂွမြို့နယ်မှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။