ငလျင်ဘေးသင့်သူတွေကို ကူညီဖို့ ရန်ကုန်က လူငယ်တွေ ကြိုးပမ်းနေ

RFA Burmese
2025.04.03
ငလျင်ဘေးသင့်သူတွေကို ကူညီဖို့ ရန်ကုန်က လူငယ်တွေ ကြိုးပမ်းနေ ငလျင်ဘေးသင့်ဒေသများအား ကူညီရန် ရန်ကုန်မြို့၌ အလှူခံနေသည့် လူငယ်များအား ဧပြီလ ၃ ရက်တွင် တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ နေ့လယ်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် ငလျင်ဒဏ်အဆိုးဆုံးခံရတဲ့ ဒေသတွေကို ကူညီလှူဒါန်းဖို့ ရန်ကုန်မြို့မှာ လူငယ်တွေစုပေါင်းပြီး ကြိုးပမ်းနေကြပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းမြို့နယ်က ငလျင်ဘေးသင့် ပြည်သူတွေအတွက် သွားရောက်လှူဒါန်းဖို့ လူငယ်တွေ စုပေါင်းထားတဲ့ 9 Star အဖွဲ့ကတော့ ရန်ကုန်မြို့က လူစည်ကားရာနေရာတွေမှာ လှည့်လည်အလှူခံနေတာပါ။

သူတို့အဖွဲ့ကိုလူငယ် ခုနှစ်ဦးနဲ့စခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ လာရောက်ပူးပေါင်းသူတွေများလာလို့ ၁၅ ဦးဝန်းကျင်အထိ ရှိနေပြီလို့ ပုစွန်တောင်မြို့နယ်မှာနေတဲ့ 9 Star အဖွဲ့ရဲ့ ဦးဆောင်သူ အသက် ၂၁ နှစ်အရွယ် မအေးမို့မို့ဇော်က RFA ကို ပြောပါတယ်။

“ကိုယ်ကိုယ်တိုင်လည်း သွားရောက်ပြီး လှူမှာဖြစ်တယ်။ ဒီတခါကတော့ လုံးဝစိတ်အားထက်သန်စွာနဲ့ လုပ်မယ် လို့ စိတ်ကူးပြီးတော့ ဒါလုပ်ဖြစ်သွားတာပေါ့နော်။ အစကတော့ ကိုယ်တိုင်သွားမလုပ်ဖြစ်ဘူးပေါ့နော်။ ဒီတိုင်းပဲ အလှူငွေလေး ကိုယ်စုထားတဲ့ ပိုက်ဆံလေးနဲ့ အလှူငွေလေးပဲ ထည့်မယ်လို့ စိတ်ကူးထားတာ။ ဒါပေမဲ့ အစ်ကိုတစ်ယောက်ကနေ ညီမလေး ဒီလိုလေးလုပ်မလားဆိုပြီးတော့ သူကလာပြီးတော့ ပြောပြတဲ့အတွက် သူကလာပြီးတော့ မေးတဲ့အတွက် ဪလုပ်မယ်ဆိုပြီးတော့ တခြားလူငယ်လေးတွေကို စုလိုက်ရင်းနဲ့မှ အစပိုင်း စလုပ်တုန်းကဆိုရင် ခုနှစ်ယောက် ဆယ်ယောက်လောက်နဲ့ အခု စိတ်တူကိုယ်တူတွေက အများကြီးပဲ”

ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် 9 Star အဖွဲ့အနေနဲ့ ဧပြီလ ၁ ရက်နေ့ကစလို့ အလှူငွေ စတင်ကောက်ခံနေတာပါ။

ငလျင်ဘေးသင့်ဒေသများအား ကူညီရန် ရန်ကုန်မြို့၌ အလှူခံနေသည့် လူငယ်များအား ဧပြီလ ၃ ရက်တွင် တွေ့ရစဉ်။ (RFA)
ငလျင်ဘေးသင့်ဒေသများအား ကူညီရန် ရန်ကုန်မြို့၌ အလှူခံနေသည့် လူငယ်များအား ဧပြီလ ၃ ရက်တွင် တွေ့ရစဉ်။ (RFA)

သူတို့အဖွဲ့အနေနဲ့ ပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့နေရာတွေမှာ ကူညီမှာဖြစ်တယ်လို့ ရန်ကင်းမြို့နယ်မှာနေတဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မမေလင်းအိမ့်က RFA ကိုပြောပါတယ်။

“ဒါကတော့ အနုပညာညီအစ်ကို မောင်နှမတွေပေါ့နော်။ အရံသရုပ်ဆောင်လုပ်ကြတဲ့ အနုပညာလုပ်ကြတဲ့ ညီအစ်ကို မောင်နှမတွေလည်းပါသလို ဘေးက သူငယ်ချင်းတွေပေါ့နော်။ သူငယ်ချင်းတွေလည်း ပါပါတယ်။ ဘာလို့ လုပ်ဖြစ်လည်းဆိုတော့ ကိုယ်တွေက ငွေအင်အား မတတ်နိုင်ဘူးလေ။ ငွေအင်အား မတတ်နိုင်ပေမဲ့ လူအင်အားတတ်နိုင်တဲ့အတွက်ကြောင့်မို့လို့ လူအင်အားလေးနဲ့ပေါ့။ တစ်ဖက်တစ်လမ်းကနေပြီးတော့ ကိုယ်တွေက ကူညီတဲ့သဘောလေးပါ။ မနေ့ကဆို ရတာတော့ လေးဆယ့်တစ်သိန်းကျော်ကျော်တော့ ရတယ်ပေါ့နော်။ ဒီနေ့ရတဲ့ဟာတော့ မတွက်ရသေးဘူးပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ ရတဲ့ငွေပမာန ပေါ်မူတည်ပြီးတော့ ညီမတို့ကနေပြီးတော့ လှူတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ သွားမှာဖြစ်ပါတယ်”


ဆက်နွှယ်သော သတင်းများ

ငလျင်ကြောင့် အိမ်ဝေးနေကြရတဲ့ မန္တလေးမြို့ခံများ

မြန်မာငလျင်ဘေးအတွက် ဩစတြေးလျက အကူအညီ ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်

ငလျင်ဒဏ်သင့်ဒေသတွေကို ချက်ချင်းအကူအညီခွင့်ပြုဖို့ HRW တောင်းဆို


ငလျင်ဘေးသင့် ပြည်သူတွေကို ကူညီဖို့အတွက် ကိုယ်ပိုင်ငွေကြေး မတတ်နိုင်လို့ သူငယ်ချင်းတွေစုပြီး ရန်ကုန်မြို့က လူစည်ကားရာနေရာတွေကို လှည့်လည်အလှူခံနေသူတွေထဲမှာ အသက် ၁၆ နှစ်အရွယ် ကိုတိုးဇေယျာလည်း ပါဝင်ပါတယ်။

“အလှူခံဖြစ်တာကတော့ ကျွန်တော်တို့ ဒီဟာ ရန်ကုန်မှာကတော့ ကြီးကြီးမားမား မဖြစ်ဘူးဗျာ။ ဒါပေမဲ့ မန္တလေး၊ စစ်ကိုင်းတွေမှာ တော်တော်ကြီးကြီးမားမားဖြစ်တာကို ဒီလိုင်းပေါ်မှာတွေ့တာ တော်တော်ဆိုးဆိုးရွားရွားတွေ ဖြစ်တာတွေ့တော့ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ကြတော့ ကိုယ်ပိုင်ပိုက်ဆံနဲ့က မဖြစ်နိုင်ဘူးလေ လှူဖို့က။ အဲဒီတော့ ကျွန်တော်တို့ စဉ်းစားတယ်။ ဒီ Public နေရာမှာ ကိုယ်တီးတတ်တာ ဂီတာတွေ တီးတတ်တယ်။ ကျွန်တော်တို့ရှိတဲ့ ကာဂျွန်တွေနဲ့ ကျွန်တော်တို့ ဘော်ဒါတွေစုပြီးတော့ နည်းနည်းပါးပါး လမ်းဘေးမှာပဲဖြစ်ဖြစ် တီးဆိုပြီးတော့ ဒီကသွားနေတဲ့ ပြည်သူတွေဆီက အလှူငွေတွေကောက်ပြီးတော့ စုပြီးတော့ လှူပေးဖို့ တွေးမိတာပေါ့။ အဲဒီလို”

သူတို့အဖွဲ့ကတော့ ရရှိလာတဲ့အလှူငွေတွေကို ငလျင်ဘေးသင့်ပြည်သူတွေအတွက် ပရဟိတအဖွဲ့တွေကတဆင့် လှူဒါန်းမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ဧပြီလ ၃ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ငလျင်ကြောင့် သေဆုံးရသူ သုံးထောင်ကျော်အထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။