စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် ငလျင်ဘေး ကူညီရေးအဖွဲ့အချို့ လုပ်ငန်းရပ်ဆိုင်းရနိုင်

RFA Burmese
2025.04.08
စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် ငလျင်ဘေး ကူညီရေးအဖွဲ့အချို့ လုပ်ငန်းရပ်ဆိုင်းရနိုင် ငလျင်ကြောင့် မန္တလေးမြို့ Sky Villa အဆောက်အအုံတွင် ကယ်ဆယ်ရေးလုပ်နေသူများအား ဧပြီလ ၅ ရက်ကတွေ့ရစဉ်။
Myanmar Rescue

ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဒေသတွေမှာ ပြည်သူတွေ အရေးတကြီး အကူအညီ လိုအပ်နေချိန် စစ်ကောင်စီက ကူညီကယ်ဆယ်ရေးအတွက် တင်းကျပ်တဲ့ အမိန့်တွေ ထုတ်ပြန်လိုက်ပါတယ်။

ဒေသအာဏာပိုင်တွေကတဆင့် ထောက်ပံ့လှူဒါန်းဖို့၊ ကြိုတင်ခွင့်ပြုချက်ယူဖို့ စတဲ့ ကန့်သတ်ချက်တွေကြောင့် ငလျင်ဘေး ကူညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေ လုပ်ငန်း ရပ်ဆိုင်းရမဲ့ အခြေအနေ ဖြစ်လာပါတယ်။

မန္တလေးမြို့အခြေစိုက် ပရဟိတအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူ တစ်ဦးကတော့ သူတို့ရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရပြီလို့ RFA ကိုပြောပါတယ်။

“သူတို့က ဘာလုပ်နိုင်လဲဆိုတော့ ဘာမှလည်းမလုပ်နိုင်ဘူး။ လုပ်နိုင်တဲ့လူတွေကို အခုလိုကြီး လုပ်လိုက်တာကတော့ အရမ်း စိတ်မကောင်းစရာကောင်းတယ်။ အခုလက်ရှိမှာ လူထုကပဲ လူထုကို ပြန်စောင့်ရှောက်နေတာပါ။ ကျွန်တော်တို့ ကူညီဖို့လည်း လူထုအပေါ်မှာတော့ စိတ်မကောင်းပါဘူး။ ဒီအတိုင်းကြီးက ကျွန်တော်တို့အတွက် အဆင်မပြေပါဘူး။ အဲ့တော့ ကျွန်တော်တို့ ရပ်တန့်လိုက်ပြီဆိုတာကိုတော့ ပြောပြလိုပါတယ်ဗျ”

နောက်ထပ် ကယ်ဆယ်ရေးအဖွဲ့တစ်ခုကလည်း မန္တလေးမြို့မှာ သူတို့ရဲ့ ကူညီကယ် ဆယ်ရေးလုပ်ငန်းတွေကို ဒေသ အာဏာပိုင်တွေဘက်က တားဆီးမှုတွေ လုပ်လာတယ်လို့ ဆိုပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို  လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မပြုတော့ဘဲ ကြိုတင်ခွင့်ပြုချက်ရယူဖို့၊ ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဧပြီလ ၅ ရက်မှာ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီနောက် ငလျင်ဘေး  အခြေခံစားသောက်ကုန် ထောက်ပံ့မှုတွေကိုလည်း မြို့နယ်စစ်ကောင်စီ အာဏာပိုင်တွေကတဆင့် လှူဒါန်းဖို့ ဧပြီလ ၆ ရက်မှာ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ကူညီထောက်ပံ့ရေး ပစ္စည်းတွေကို စစ်ကောင်စီလက်ထဲ မထည့်ပေးနိုင်ဘူးလို့ RFA ကို ပြောပါတယ်။ 

“ကျွန်တော်တို့က အဲ့လိုဆိုရင် သူ့တို့လက်ထဲကိုတော့ လုံး၀ ထည့်မပေးနိုင်ဘူးဗျ။ ကျွန်တော်တို့ ကိုယ်တိုင် လှူရမှသာ ကျွန်တော်တို့လှူမယ်။ သူတို့လက်ထဲ ထည့်ပေးမှဆိုရင် ကျွန်တော်တို့ မလှူဘဲနဲ့ ပြန်လာခဲ့မှာ “

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေမှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့ အစည်းတစ်ဆယ်ကျော်ကို RFA က မေးမြန်းခဲ့ပါတယ်။ သူတို့အားလုံးက လုပ်ငန်း ယာယီရပ်ဆိုင်းတာ ဒါမှမဟုတ် လုံး၀ရပ်ဆိုင်းတာမျိုးအထိလုပ်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

အရပ်ဘက်အဖွဲ့တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းရင် သူတို့ကိုထောက်ပံ့ကူညီနေတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာက အလှူရှင်တွေရဲ့ ယုံကြည်မှုကျဆင်းမှာ၊ အမှန်တကယ် အကူအညီလိုအပ်နေသူတွေဆီ မရောက်မှာကို စိုးရိမ်နေကြတာပါ။

ငလျင်ကြောင့် မန္တလေးမြို့  ကားလမ်းမပေါ်တွင် နေထိုင်နေရသည့် ဒေသခံတချို့အား ဧပြီလ ၃ရက်တွင် တွေ့ရစဉ်။ RFA
ငလျင်ကြောင့် မန္တလေးမြို့ ကားလမ်းမပေါ်တွင် နေထိုင်နေရသည့် ဒေသခံတချို့အား ဧပြီလ ၃ရက်တွင် တွေ့ရစဉ်။ RFA

လက်တလောမှာ ငလျင်ဘေးသင့် ပြည်သူတွေဟာ သူတို့နေ့စဉ်ရပ်တည်ရေးအတွက် အရပ်ဘက်အဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေအပေါ် အဓိက မှီခိုနေရတာပါ။

ပရဟိတအဖွဲ့တွေ လှူဒါန်းမှုနည်းသွားရင် ဒုက္ခရောက်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံ ငလျင်ဘေးသင့် ပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အိမ်က ပြိုကျသွားပြီ။ ဇရပ်မှာ သွားနေလို့ရှိရင်လည်း အဲဒီမှာလည်း ပရဟိတ ပစ္စည်းတွေလာပေးလို့ရှိရင် ကျွန်တော်တို့ ပုံမှန် မရဘူး။ အဲဒီမှာ တာဝန်ခံတွေက ပစ္စည်းတွေ ခိုးယူသွားတယ်။ ဒုက္ခရောက်နေတဲ့သူတွေ ပုံမှန် မရဘူး။ အစိုးရဘက်က ဘာမှ တစ်ခုမှ ထောက်ပံ့တာလည်း မရှိဘူးဆိုတော့ နောက်ပရဟိတကလည်း ဆက်ပြီးတော့ သူတို့ဘယ်လိုလာမလဲ မသိဘူး။ သူတို့ကလည်း နည်းနည်း ဟို အနှောက်အယှက် ဖြစ်သွား မယ်ဆိုရင် ကျွန်တော်တို့အတွက် ပိုပြီးတော့ ဒုက္ခရောက်မှာပါ”

စစ်ကောင်စီကတော့ ဘာကြောင့် ဒီလိုကန့်သတ် ထိန်းချုပ်မှုတွေ လုပ်ဆောင်ရသလဲဆိုတာ ထုတ်မပြောပါဘူး။

ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းကာလတုန်းကလည်း ကူညီကယ်ဆယ် ရေးပစ္စည်းတွေ အာရက္ခတပ်တော်(AA) ဆီရောက်ရှိနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်နဲ့ စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်တာတွေ လုပ်ခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

အခု ငလျင်ဘေးမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ ထောက်ပံ့ ရေးပစ္စည်းတွေ ရောက်နိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်ကြောင့် ကန့်သတ် ထိန်းချုပ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သော သတင်းများ

ကုသမဂ္ဂက မြန်မာငလျင်အတွက် ဒေါ်လာသန်းတစ်ရာကျော် သုံးစွဲမည်

ငလျင်ကာလ တစ်ပတ်ကြာအထိ ရှာဖွေကယ်ဆယ်ရေး အပြည့်အ၀ မရနိုင်သေး

ငလျင်ကြောင့် အကြီးအကျယ် ထိခိုက်သွားတဲ့ စစ်ကိုင်းမြို့


ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့  စစ်ကောင်စီဟာ ငလျင်ဘေးမှာလည်း အာဏာတည်မြဲရေး ရှုထောင့်က စဉ်းစားနေတယ်လို့ ဝေဖန်ပါတယ်။

“သဘာ၀ ဘေးအန္တရာယ်တွေဖြစ်လာပြီဆိုရင် တုံ့ပြန်တဲ့အစိုးရရဲ့တုံ့ပြန်မှုကို ကြည့်ပြီးတော့ ဒီအစိုးရဟာ ပြည်သူလူထုအကျိုးကို ဘယ်လောက် ကိုယ်စားပြုလဲဆိုတာ ပြောနိုင်တယ်။ သူတို့(စစ်ကောင်စီ)ကတော့ သူတို့အာဏာမြဲဖို့ပဲလေ၊ ပြည်သူတွေ သေသေ ကျေကျေ ဘာဖြစ်ဖြစ်ပေါ့။ ဘယ်သူဘာဖြစ်ဖြစ်ပေါ့။ အဲ့ဒါ သူတို့ရဲ့ စိတ်ဓာတ်ကို ပြတာဗျ”

နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ငလျင်ဘေးသင့်ဒေသတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လွတ်လွတ်လပ်လပ် သွားခွင့်ပြုဖို့နဲ့ လုံခြုံရေးအာမခံဖို့ စစ်ကောင်စီကို တိုက်တွန်းနေပါတယ်။

ငလျင်ဘေးသင့်ဒေသတွေမှာ နေထိုင်သူ ၁၇ သန်းကျော်ရှိပြီး အဲ့ဒီထဲက လူဦးရေ ကိုးသန်းကျော်ဟာ ငလျင်ဒဏ်ကို အပြင်းအထန်ခံစားနေရသလို အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။