လားရှိုးမြို့ကနေ MNDAA ဆုတ်ခွာပြီးနောက် စစ်ကောင်စီတပ် ဝင်ရောက်နေရာယူ
2025.04.22

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MNDAA ကိုးကန့်တပ်တွေ ပြန်လည် ဆုတ်ခွာပြီးနောက် ဧပြီလ ၂၂ ရက် နေ့မှာတော့ စစ်ကောင်စီတပ်က မြို့တွင်းထဲကို ဝင်ရောက်လာကြတယ်လို့ လားရှိုးမြို့ခံတွေက RFA ကိုပြောပါတယ်။
စစ်ကားအစီးရေ ၅၀ ထက်မနည်းဟာ ဒီနေ့မနက် အစောပိုင်းကနေ စတင်ဝင်ရောက်လာကြတာလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်ကားတွေအများကြီးဝင်လာတာတွေ့တယ်။ မြို့တော်ခန်းမနားကနေ မြို့အဝင် မုခ်ဦးဘက်နားထိရှိတယ် စစ်ကားတွေအပြည့်ပဲ။ အနည်းဆုံးကတော့ အစီးလေးငါးဆယ်တော့ရှိမယ်ထင်တယ်ဗျ။ ကားပေါ်က ဆင်းလာတဲ့စစ်သားအချို့က မျက်နှာဖုံးအနက်တွေစွပ်ပြီး နေကာမျက်မျက်နဲ့ စစ်ဝတ်စုံလည်းအပြည့်ပဲ။ ပြီးရင်ကားပေါ်မှာလည်း စက်လက်လိုပုံစံမျိုး သေနတ်တွေထောင်ထားတာတွေ့တယ်။ ကျွန်တော်တွေးမိတာက သူတို့ရဲ့တပ်တွေမှာ ပြန်အထိုင်ချဖို့အတွက် ကားတွေအပြည့်အဝထပ်လာဖို့အတွက် စောင့်နေကြတာလို့ ထင်တယ်”
အခုဝင်ရောက်လာတာက စစ်ကောင်စီရဲ့ တပ်မ - ၃၃၊ ၉၉၊ ၇၇ စတဲ့ တပ်မသုံးခုကဖြစ်ပြီး ဧပြီလ ၂၂ ရက် မွန်းလွဲပိုင်းအထိ မြို့တွင်းထဲရောက်လာကြတဲ့ စစ်ကောင်စီတပ်ကား အကြီး၊ အသေးပေါင်း ၁၂၀ လောက် ရှိတယ်လို့လည်း မြို့ခံတွေကပြောပါတယ်။
ကားပေါ်မှာ စစ်ကောင်စီတပ်သားတွေအပြင် ဆီပေပါတွေပါတွေ့ရပြီး တက္ကသိုလ်ဝင်းမှာ ယာယီစခန်းချထားမှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။
လားရှိုးမြို့ပေါ်ရဲစခန်းမှာ နောက်ဆုံးကျန်ရှိနေတဲ့ MNDAA တပ်ဖွဲ့ဝင်တွေလည်း ဒီနေ့နောက်ဆုံး အပြီး သတ်ထွက်ခွာဖို့ ပြင်ဆင်နေကြတာတွေ့ရတယ်လို့လည်းပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
လားရှိုးက တိုင်းစစ်ဌာနချုပ်ကို MNDAA ထိန်းချုပ်
ကိုးကန့်နဲ့ စစ်ကောင်စီတို့ အပစ်ရပ်
လားရှိုးမြို့ အလွှဲအပြောင်း တရုတ်အထူးကိုယ်စားလှယ် ကြီးကြပ်နေ
တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီနဲ့ MNDAA တို့ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြတာပါ။
အဲဒီနောက် အချိန်သုံးလခန့်အကြာ ဧပြီလ ၂၂ ရက် ဒီနေ့မှာ MNDAA တပ်တွေ လားရှိုးမြို့ကနေ အပြီးတိုင်ဆုတ်ခွာပြီး စစ်ကောင်စီထံ လွှဲပြောင်းဖို့ရှိနေတာလို့ မြို့ခံတွေကပြောဆိုကြပါတယ်။
MNDAA အနေနဲ့ စစ်ကောင်စီထံ မြို့အုပ်ချုပ်ရေးအတွက်ကိုသာလွှဲပြောင်းဖို့ ကြားသိထားရပေမဲ့ လက်တွေ့မှာ စစ်ကောင်စီတပ်က ရုတ်တရက် အင်အားအများအပြားနဲ့ ဝင်ရောက်လာတာကြောင့် ဒေသခံတွေအကြားမှာ စိုးရိမ်မှုတွေများနေတယ်လို့ နောက်ထပ် လားရှိုးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“ပြည်သူတွေကတော့ တော်တော်မျက်စိလည်သွားတယ်ပေါ့။ ဘာလို့လဲဆိုတော့ ဖြစ်တဲ့အချိန်မှာလည်း သူတို့ပဲလေ၊ အခုတည့်သွားတော့လည်း သူတို့ပဲလေ။ ပိုဆိုးတာက ကိုးကန့်ဘက်ကလည်း ကြိုပြီးတော့ မကြေညာဘူး၊ ပြန်လွှဲတဲ့အခါ စစ်တပ်ဘက်က သေနတ်တွေဘာတွေပါမှာမဟုတ်ဘူးလို့ ကြားခဲ့တာ။ အခုက သေနတ်တွေ၊ လက်နက်တွေနဲ့ အုံလိုက်ကျင်းလိုက်ဝင်လာကြတာဆိုတော့ ပြည်သူတွေကတော့ မျက်စိလည်စရာ ဖြစ်သွားတာပေါ့”
လားရှိုးမြို့ကို စစ်ကောင်စီထံလွှဲပြောင်းဖို့အတွက် ဆင်နှစ်ကောင်ဟိုတယ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ် စားလှယ် မစ္စတာ တိန့်ရှီကျွင်း ကိုယ်တိုင်ရောက်ရှိနေပြီး စစ်ကောင်စီ၊ MNDAA ကိုးကန့်တပ်ကိုယ်စားလှယ်တွေနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးနေတယ်လို့ မြို့ခံတွေကပြောကြပါတယ်။ ဒါပေမဲ့ လားရှိုး မြို့ကို စစ်ကောင်စီထံ လွှဲပြောင်း မှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့တွေက ဒီနေ့ညနေပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။
လားရှိုးမြို့အလွှဲအပြောင်းနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ MNDAA ကိုးကန့်တပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး တွေကို RFA က မေးမြန်းခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားလာတာ မရှိသေးပါဘူး။
လားရှိုးမြို့ခံအချို့ကတော့ စစ်ကောင်စီတပ်တွေ အများအပြားဝင်ရောက်လာတာကိုစိုးရိမ်ပြီး မြို့ကနေ တိမ်းရှောင်ကြသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။