လားရှိုးမြို့ အလွှဲအပြောင်း တရုတ်အထူးကိုယ်စားလှယ် ကြီးကြပ်နေ

RFA Burmese
2025.04.21
လားရှိုးမြို့ အလွှဲအပြောင်း တရုတ်အထူးကိုယ်စားလှယ် ကြီးကြပ်နေ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ၂၀၂၅ ဇန်နဝါရီလ ၈ ရက်နေ့ကတွေ့ရစဉ်။
Lashio Rehabilitation

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကနေ MNDAA တပ်တွေ ဧပြီလ ၂၁ ရက် အပြီးသတ်ဆုတ်ခွာနေပြီး စစ်ကောင်စီထံ ဧပြီလ ၂၂ ရက်နေ့မှာ အလွှဲအပြောင်းလုပ်ဖို့ စီစဉ်နေကြတယ်လို့ လားရှိုးမြို့ခံတွေက RFA ကို ပြောပါတယ်။

ဒီအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း ကိုယ်တိုင် လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာရောက်ရျိနေပြီး ကြားဝင်ဆောင်ရွက်နေတာလို့ လုံခြံရေးအရအမည်မဖော်လိုတဲ့ လားရှိုးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“သူတို့သတ်မှတ်ထားတာက ဒီနေ့ နောက်ဆုံးနေ့ပေါ့နော်။ မနေ့ကတော့ မစ္စတာ တိန့်ရှီကျွင်းက လေယာဉ်ကွင်း ရပ်ကွက်၊ ဘူတာရပ်ကွက်တို့ မြို့အခြေအနေပတ်ကြည့်နေတာတွေ့ပါတယ်။ ကိုးကန့်တပ် အတော်များများတော့ထွက်သွားကြပြီ။ ဒီနေ့ကတော့ လောလောဆယ် သူတို့ရုံးပေါ့နော်၊ ကောင်စစ်ဝန်ရုံးတို့ကို ဘယ်မှာလုပ်နေလဲတော့မသိဘူး။ ဒီနေ့တော့ တရုတ်ကားတွေ မြန်မာလိုဆိုရင် တရုတ်စည်ပင်ကားတွေဖြစ်မယ် သူတို့ မီးတင်တွေ တင်ပြီးတော့ဝင်လာတယ်။ ဒီမှာက မီးစက်တွေကမရှိတော့ဘူးလေ။ ဒီနေ့ကတော့ ကိုးကန့် MNDAA အဖွဲ့က သူတို့အခြေချမဲ့မြို့နဲ့ သုံးမိုင်လေးမိုင်အကွာကို အပြီးရွှေ့ရမယ်။ ရပ်ကွက် ၁၂ ရက်ကွက်စလုံး အပြီးထွက်ပေးရမှာပေါ့”

ဒီနေ့မှာတော့ လားရှိုးမြို့ပေါ်မှာလွှင့်ထူထားတဲ့ ကိုးကန့်တပ် MNDAA ရဲ့ အလံတွေကိုပါ ဖြုတ်သိမ်းနေပြီ လို့လည်း ဒေသခံတွေကပြောပါတယ်။

မစ္စတာတိန့်ရှီကျွင်းဟာ ဧပြီလ ၁၈ ရက်နေ့က တရုတ်နိုင်ငံအလံနဲ့ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ဆိုပြီး စာတန်းတွေကပ်ထားတဲ့ မော်တော်ယာဉ်တွေနဲ့အတူ ရောက်ရှိလာတာလို့ ဒေသခံတွေကပြောပါတယ်။ သူဟာ ဧပြီလ ၂၂ ရက်နေ့ အထိ လားရှိုးမြို့မှာ ရှိနေဦးမယ်လို့လည်း ဆိုပါတယ်။

လားရှိုးမြို့မှာ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေနဲ့ ကိုးကန့်တပ်ဘက်က တာဝန်ရှိသူတွေပါရှိနေပြီး မစ္စတာတိန့်ရှီကျွင်းပါဝင်တဲ့ အကြိုညှိနှိုင်းမှုတွေလုပ်ဆောင်နေပေမဲ့ အသေးစိတ်ကိုတော့ မသိရဘူးလို့ လားရှိုးမြို့ခံတွေကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာမရှိသေးသလို ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်ပါဘူး။

တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီ ၁၈ ရက်နေ့ကစလို့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြတာလို့ အဲဒီအချိန်က တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့တာပါ။

အဲဒီဆွေးနွေးပွဲမှာ MNDAA နဲ့ စစ်ကောင်စီတို့အကြား ဘယ်အချက်ကို သဘောတူခဲ့ကြတယ်ဆိုတာကို တရားဝင် ထုတ်ဖော်ပြောဆိုတာမရှိကြပေမဲ့ အပစ်အခတ်ရပ်စဲပြီး သုံးလခန့်အကြာမှာ လားရှိုးမြို့ကနေ MNDAA တပ်တွေဆုတ်ခွာပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားနဲ့ လည်ပတ်မဲ့ အစီအစဉ်တွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒေသခံတွေကတော့ မကြာခင် စစ်ကောင်စီလက်အောက် ရောက်ရှိတော့မဲ့အခြေအနေကို စိုးရိမ်နေကြတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ လားရှိုးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“အခုပြန်ဝင်လာတဲ့ပုဂ္ဂိုလ်က ဘယ်လိုပုံစံနဲ့ပြန်ဝင်လာမယ်၊ ပြည်သူကိုနှိပ်စက်မှာလား၊ ပြည်သူကို ညှဉ်းပမ်းမှာ လားဆိုတာလည်းဘာမှချမပြတော့ စိုးရိမ်စိတ်တစ်ခုတည်းနဲ့ ရပ်တည်နေကြရတာပေါ့။ အဓိကအချက်ကတော့ သူတို့ပြန်ဝင်ရင် ဒီမှာရှိတဲ့ကလေးတွေကို စစ်သားစုဆောင်းမှာလား၊ နိုင်ငံရေးနဲ့ဆက်စပ်တဲ့သူတွေကိုဖမ်းမှာလား၊ အရင်ပုံစံအတိုင်းပဲ ပြည်သူကို ကုတ်ညှစ်မှာလားဆိုတာကို တွေးမိတယ်။ စစ်ကောင်စီနဲ့ ငြိထားတဲ့ သူတွေကတော့ရှောင်ကြတယ်၊ ကျန်တဲ့လူတွေကတော့ ပုံမှန်အတိုင်းပါပဲ”

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိရာ လားရှိုးမြို့ကို ကိုးကန့်တပ်တော် (MNDAA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့လည်ပတ်ခဲ့တာပါ။


ဆက်နွှယ်သော သတင်းများ

လားရှိုးက တိုင်းစစ်ဌာနချုပ်ကို MNDAA ထိန်းချုပ်
ကိုးကန့်နဲ့ စစ်ကောင်စီတို့ အပစ်ရပ်
MNDAA တပ်တွေ လားရှိုးမြို့ပေါ်ကနေ အပြီးတိုင် ဆုတ်ခွာနေ


အခုတော့ စစ်ကောင်စီလက်ထဲကို လွှဲပြောင်းတော့မှာဖြစ်ပေမဲ့ MNDAA က ပူးတွဲအုပ်ချုပ်ခွင့်ရှိနေဦးမှာဖြစ်လို့ အခြေအနေတွေကို စောင့်ကြည့်ရဦးမယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော က RFA ကိုပြောပါတယ်။

“ကျွန်မတို့တော်လှန်ရေးဘက်ကကြည့်တော့ ကိုယ်ကဒီလောက် အသက်၊ သွေး၊ ချွေးတွေနဲ့ပေးထားတဲ့ ဟာကြီးကို ပြန်ပေးလိုက်ရတာ ရင်နာစရာပေါ့။ ဒါပေမဲ့ ကျွန်မတို့က တစ်စုံတစ်ရာ ပူးတွဲအုပ်ချုပ်ခွင့်ရတယ်။ နောက်တစ်ခုက ကုန်သွယ်ရေးတွေ ပြန်ဖွင့်မယ်ဆိုတော့ အဲဒီဒေသဟာ ပြည်သူလူထုတွေ သက်သာချောင်ချိ မယ်။ အဲဒီဘက်ကကြည့်တော့လည်း အကောင်းတွေရှိတယ်။ အဲတော့ ကျွန်မတို့ နည်းနည်းစောင့်ကြည့်ဖို့တော့လိုမယ်။ တရုတ်ရဲ့ခြေလှမ်းကတော့ သူကဖွံ့ဖြိုးတိုးတက်မှုရှိရင် စစ်မက်ရေးရာတွေ ကျသွားနိုင်တယ်လို့ သူကတွက်တယ်။ ဒါကြောင့်မို့လို့ သူကဖွံ့ဖြိုးတိုးတက်ရေးလမ်းကို အတင်းလိုက်နေတာ”

ဝနဲ့ မိုင်းလားဒေသတွေမှာလည်း ယခင်က မြန်မာစစ်တပ်ကပါ ပူးတွဲအုပ်ချုပ်တာရှိနေခဲ့ပေမဲ့ နောက်ပိုင်းမှာ ဆုတ်ခွာသွားတာကြောင့် အခုလည်းအုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ပုံသဏ္ဍာန်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ဖို့လိုဦးမယ်လို့လည်း သူကဆိုပါတယ်။

လားရှိုးမြို့က အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ MNDAA ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသူလို့ သူတို့ရဲ့ ပြောခွင့်ရသူတွေထံ RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

ဒေသခံတွေကတော့ လားရှိုးမြို့ကနေ MNDAA တပ်တွေ ဆုတ်ခွာပြီး စစ်ကောင်စီထံ လွှဲပြောင်းမှာဖြစ်ပေမဲ့ မြို့နဲ့ ၃ မိုင်ကျော်ခန့်အကွာမှာတော့ MNDAA တပ်တွေ ဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ကိုးကန့်တပ် MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ လားရှိုးအပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့ကိုးမြို့ကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။