MNDAA တပ်တွေ လားရှိုးမြို့ပေါ်ကနေ အပြီးတိုင် ဆုတ်ခွာနေ
2025.04.16

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်ကနေ MNDAA ကိုးကန့်တပ်ဖွဲ့တွေဆုတ်ခွာပေးနေပြီး လာမဲ့ ဧပြီလ ၂၂ ရက်နေ့မှာ စစ်ကောင်စီနဲ့ အလွှဲအပြောင်းလုပ်ဖွယ်ရှိတယ်လို့ လားရှိုးမြို့ခံတွေက RFA ကိုပြောပါတယ်။
လက်ရှိမှာ မြို့ပေါ် က MNDAA ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေကို ပိတ်လိုက်ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“လူတိုင်းကတော့ ဧပြီလ ၂၂ ရက်နေ့ကို စောင့်ကြည့်နေကြတယ်။ သူတို့က ရွှေ့တာတော့ရွှေ့နေကြတယ်။ ဒါပေမဲ့ မြို့ပတ်ပတ်လည်မှာ MNDAA တပ်ကအထိုင်ချထားတယ်။ သူတို့က မြိုပေါ် ၁၂ ရက်ကွက်ကပဲ ဖယ်ပေးတာ။ ရပ်ကွက် (၄) အုပ်ချုပ်ရေးရုံးကတော့ မရှိတော့ဘူး၊ ပိတ်သွားပြီ။ ရပ်ကွက်(၁) အုပ်ချုပ်ရေးရုံးကတော့ မပိတ်သေးဘူး။ လျော်ကြေးကိစ္စတွေ ရှိနေသေးလို့လို့ပြောတယ်။ ကျန်တဲ့ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေလည်း ဧပြီ ၁၇၊ ၁၈ ရက်တွေမှာ ပိတ်တော့မယ်။ စစ်ကောင်စီဘက်ကလူတွေလာတဲ့အချိန်မှာ လက်လွှဲပေးလိုက်မယ်လို့ ပြောတယ်”
အလွှဲအပြောင်းမလုပ်သေးခင် လားရှိုးမြို့မှာ MNDAA ဆက်ဆံရေးရုံးနဲ့ ရဲတပ်ဖွဲ့လောက်သာကျန်ခဲ့မှာ ဖြစ်တယ်လို့ နောက်ထပ်လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“အရွှေ့အပြောင်းတွေတော့ လုပ်နေကြပြီ။ သယ်စရာရှိတာအကုန်သယ်တယ်။ တပ်နဲ့ဆိုင်တဲ့ဟာတွေ အကုန်သယ်တယ်။ MNDAA ကပြောထားတာက ဆက်ဆံရေးရုံးရယ်၊ ရဲရယ်ကျန်ခဲ့မယ်တဲ့”
MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတစ်ဦးကတော့ MNDAA တပ်တွေ မြို့ပေါ်ကနေ ဆုတ်ခွာပြီးနောက် စစ်ကောင်စီ၊ ကိုးကန့်တပ် MNDAA နဲ့ တရုတ်ကိုယ်စားလှယ်တွေပေါင်းပြီး ရုံးထိုင်မဲ့အခြေအနေရှိတယ်လို့ RFA ကို ဧပြီလဆန်းပိုင်းက ပြောဆိုထားပါတယ်။
MNDAA တပ်တွေက မြို့ပေါ်ကနေ ဆုတ်ခွာပေးမှာဖြစ်ပေမဲ့ မြို့နဲ့ သုံးမိုင်အကွာလောက်မှာ ဆက်ပြီးနေရာယူထားဦးမှာဖြစ်တယ်လို့လည်း MNDAA နဲ့ နီးစပ်တဲ့ဒေသခံတွေကပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ MNDAA က တရားဝင်သတင်းထုတ်ပြန်တာ မရှိသေးသလို MNDAA တပ်ဖွဲ့ ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာသူတစ်ဦးကတော့ MNDAA တပ်တွေ လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာပေးဖို့အတွက် ကူမင်းဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတာလို့ ပြောဆိုကြပါတယ်။
ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရော MNDAA ဘက်ကပါ တရားဝင် ထုတ်ပြန်ပြောဆိုတာ မရှိကြပါဘူး။
လားရှိုးမြို့ကနေ MNDAA တပ်တွေဆုတ်ခွာတာကို ဒေသခံတွေအကြား ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေထိန်းချုပ်ရာ မြို့၊ ရွာတွေကို အမြဲလိုလို ဗုံးကြဲနေတာကြောင့် MNDAA က ပြည်သူတွေကို ငဲ့ညှာပြီး အခုလိုဆုတ်ခွာပေးလိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကိုးကန့်တပ် (MNDAA) ဟာ ၁၀၂၇ စစ်ဆင်ရေးကာလဖြစ်တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ လားရှိုးအခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီး လားရှိုးမြိုကိုပါ ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။