မြန်မာမှာ ပြန်လည်ထူထောင်ရေး ဝိုင်းဝန်းကူညီကြဖို့ နိုင်ငံတကာကို ကုလ တိုက်တွန်း

RFA Burmese
2025.04.10
မြန်မာမှာ ပြန်လည်ထူထောင်ရေး ဝိုင်းဝန်းကူညီကြဖို့ နိုင်ငံတကာကို ကုလ တိုက်တွန်း ငလျင်ကြောင့် ပြိုကျခဲ့တဲ့အဆောက်အဦ ကို စက်ယန္တရားကြီးတွေနဲ့ ရှင်းလင်းဖယ်ရှားနေပုံ။ Photo: UNDP
Photo: RFA

မတ်လ ၂၈ ရက်နေ့က ငလျင် နှစ်ကြိမ်လှုပ်ခတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်း ပိုမို ဆိုးရွားလာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ မြန်မာမှာ လူမှုဘဝတွေ ပြန်လည်ထူထောင်ရေး ဝိုင်းဝန်းကူညီဖို့ နဲ့ နောင်မှာ အလားတူထိခိုက်မှုမျိုးကနေ ကာကွယ်ဖို့ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ငလျင်တွေဆက်တိုက်လှုပ်ခတ်မှုကြောင့် အခြေခံအဆောက်အအုံတွေ သိသိသာသာ ပျက်စီးခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အများအပြား ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် (UNDP) ဒေသဆိုင်ရာ ကိုယ်စားလှယ် Titon Mitra က ပြောပါတယ်။

ရာနဲ့ချီတဲ့ နေအိမ်တွေ၊ လမ်းတံတားတွေ၊ ရေပိုက်လိုင်းတွေ ပျက်စီးခဲ့ပြီး လူအများအပြားဟာ ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ နေအိမ်တွေ အချိန်မရွေးပြိုကျနိုင်တဲ့အန္တရာယ်ကို ကြောက်ရွံ့နေကြပြီး လမ်းတွေပေါ်မှာ ဒါမှမဟုတ် ကားရပ်နားရာ နေရာတွေမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

လမ်းတွေ၊ ဆေးရုံတွေ နဲ့ ရေသန့်ရှင်းရေးစနစ်တွေ အပါအဝင် မြို့ပြအဆောက်အအုံတွေ ပျက်စီးခဲ့တာကြောင့် သန့်ရှင်းတဲ့ရေ နဲ့ မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လက်လှမ်းမမီနိုင်တော့သလို အရေးကြီးတဲ့ ဆေးဝါးထောက်ပံ့မှု နဲ့ ဝန်ထမ်းပြတ်လပ်မှုတွေကြောင့် ဆေးရုံတွေမှာလည်း အခက်အခဲတွေဖြစ်နေတယ်လို့ ဖော်ပြပါတယ်။

တကိုယ်ရည်သန့်ရှင်းမှု နဲ့ ရေသန့်မလုံလောက်မှုတွေကြောင့် ကာလဝမ်းရောဂါ နဲ့ အသည်းရောင်ရောဂါ၊ တိုက်ဖွိုက်ရောဂါ ဖြစ်ပွားစေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုးလေဝသဌာနက သောကြာနေ့အထိ နိုင်ငံတဝန်း မုတ်သုန်မိုး နဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ငလျင်ဘေးကလွတ်မြောက်လာသူတွေအတွက် အခက်အခဲ ပိုဆိုးလာစေနိုင်ကြောင်း၊ အမိုးအကာ အစားအသောက်နဲ့ ဆေးဝါးအထောက်အပံ့တွေ အရေးပေါ်ရောက်ရှိဖို့ လိုအပ်ပေမယ့် မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အကူအညီလိုအပ်နေသူတွေထံ အကူအညီပေးရေးမှာ အဟန့်အတားဖြစ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။